ဘိုက‌လေးမြို့နယ် တာဝတိံသာစေတီတော်သစ်ကြီး အပေါ်ထည်တည်ဆောက်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်

ဘိုကလေး ဇန်နဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ရန်ပြေမာန်ပြေအောင်စကြာ စေတီတော်ဝန်းအတွင်းမှ ဘိုကလေးမြို့နယ်၏ အထင်ကရစေတီတော် တာဝတိံသာတီ‌တော်မြတ်ကြီးသည် ၁၉၇၃ ခုနှစ်တွင်လည်းကောင်း၊ စောင်းတန်းတော်ကြီးကို ၁၉၈၂ ခုနှစ်တွင်လည်းကောင်း တည်ထားကိုးကွယ်ခဲ့ရာ နှစ်ကာလကြာမြင့်ခြင်း၊ ရာသီဥတုဒဏ်ခံရခြင်း၊ စေတီတော်တည်စဉ်ကာလ၌ နည်းပညာ အားနည်းခြင်းတို့ကြောင့် ၂၀၂၂ ခုနှစ် ဧပြီ(၂၉)ရက်နေ့ နံနက် (၂:၃၀) အချိန်၌ စောင်းတန်းတော်ကြီး၏ အထက်ပိုင်း ပေ(၆၀)ခန့် ပြိုကျပျက်စီးခဲ့သည်။

ပြိုကျပျက်စီးခဲ့သော တာဝတိံသာစေတီတော်မြတ်ကြီးအား အသစ်တစ်ဖန်ပြန်လည် တည်ထားနိုင်ရေးအတွက် စေတီတော်အဟောင်းအား ဖျက်သိမ်းနိုင်ရေးအလို့ငှာ ၂၀၂၃ခုနှစ်မှ စတင်၍ မူလတင်လှူပူဇော်ထားသော ရွှေထီးတော်ကြီးအား စေတီတော်တည်ဆောက်ရေးဩဝါဒစရိယ ဆရာတော်ကြီးများ၊ အကျိုးတော်ဆောင်ဆရာတော်ကြီးများ၏ လမ်းညွှန်မှုနှင့်အတူ ဂေါပကအဖွဲ့ဝင်များ၊ တည်ဆောက်ရေးကော်မတီများမှ  မူလစေတီတော်ဟောင်းတွင် တင်လှူထားသော ထီးတော်အား ပြန်လည်ပင့်ဆောင်ခြင်း၊  စေတီတော်ဟောင်းနှင့် စောင်းတန်းတော်ဖြိုချ ဖျက်သိမ်းခြင်း၊ စေတီတော်သစ် ပြန်လည်တည်ဆောက်မည့် မြေနေရာအား မြေသန့်မင်္ဂလာဆောင်ရွက်ခြင်း၊ ပန္ဒက်ချခြင်း၊ ဘိုးပိုင်တည်‌ဆောက်ခြင်း၊ ရတနာအုတ်မြစ်ချခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး ယခုအချိန်တွင် တာဝတိံသာစေတီတော်မြတ်ကြီး အပေါ်ထည်အတွက်စတင်၍ တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။

စေတီတော်မြတ်ကြီးတည်ထားကိုးကွယ်နိုင်ရေးအတွက် သာသနာ့အနွယ်ဝင် သူတော်စဉ်များက  ဝိုင်းဝန်း လှူဒါန်းမှုပြုကြပြီး စေတီတော်ကြီး တည်ဆောက်ရေးလုပ်ငန်း လျင်မြန်စွာ ပြီးစီးဆောင်ရွက်နိုင်ရန်လိုအပ်နေသော အလှူငွေများအား ပါဝင်လှူဒါန်းနိုင်‌ရေးအတွက် စေတီတော်တည်‌ဆောက်ရေး ကော်မတီအနေဖြင့် နှိုးဆော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)