ကျုံပျော် ဇန်နဝါရီ ၁၂
ပြည်သူများ၊ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ အနာရောဂါ ကင်းရှင်း၍ ကျန်းမာရေး ပိုမိုကောင်းမွန်စေရန်အတွက် တိုင်းရင်းဆေးအကြောင်း သိကောင်းစရာ ဟောပြောခြင်းနှင့် အခမဲ့ဆေးကုသခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ကျီးအိုင်ကျေးရွာအုပ်စု၊ တောက်တဲ့ရိုးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျုံပျော်မြို့(၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ်ကြီး ဦးခိုင်ထွန်းဇော်က တောက်တဲ့ရိုးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းဆေးအကြောင်း သိကောင်းစရာ၊ တစ်ကိုယ်ရည် သန့်ရှင်းကျန်းမာရေးနှင့်၊ သက်ရှည်ကျန်းမာအောင် စားသောက်နေထိုင်နည်း စသည့်အကြောင်းအရာများအား အသိပညာပေး ဟောပြောပြီး မိမိတို့ဆေးရုံမှ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေအား သတင်းစကား ဖြန့်ဝေဆောင်ရွက်ခဲ့သည်။
ထို့နောက် ဆေးရုံအုပ်ကြီး ဦးဆောင်သည့် ကွင်းဆင်း ဆေးကုသရေး အဖွဲ့က ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား တစ်ဦးချင်းအလိုက် တိုင်းရင်းဆေး အခမဲ့ကုသခြင်းများကို ဆောင်ရွက်ကာ ဆေးဝါးများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း၊ ယခုကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာပေးလုပ်ငန်းများ လာရောက် ဆောင်ရွက်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများ ဝမ်းမြောက်ကြကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)