ဖြူးမြို့နယ်၊ ငမြွေသစ်တောပျိုးဥယျာဉ်၌ ရိုဘက်စတာကော်ဖီမျိုးအား လက်တွေ့သရုပ်ပြစိုက်ပျိုး

ဖြူး ဒီဇင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း နှစ်ရှည်ခံသီးနှံဖြစ်သည့် ကော်ဖီစိုက်ပျိုးခြင်းဖြင့် ဒေသအတွင်း ကော်ဖီအထွက်နှုန်းတိုးတက်စေရန်၊ စျေးကွက်ဝင်စိုက်ပျိုးနိုင်ခြင်းဖြင့် ဝင်ငွေရရှိစေရန်အတွက် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ရိုဘက်စတာ(ROBUSTA)ကော်ဖီမျိုးအား လက်တွေ့သရုပ်ပြစိုက်ပျိုးခြင်းကို မြို့နယ်သစ်တောဦးစီးဌာန၊ ငမြွေပျိုးဥယျာဉ်တွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ စိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ငမြွေပျိုးဥယျာဉ်မှ ပျိုးထောင်လုပ်သားများအား ရိုဘက်စတာ (ROBUSTA)ကော်ဖီမျိုး၏ ရာသီဥတုအလိုက်စိုက်ပျိုးနိုင်သည့် အခြေအနေ၊ ပျိုးပင်မှ စတင်စိုက်ပျိုးပြီး အပင်(၅)နှစ်သားအရွယ်ခန့်တွင် ကော်ဖီသီးများ စတင်ဆွတ်နိုင်ကြောင်း၊ တစ်ပင်လျှင် အနှစ်(၂၀)သက်တမ်းကြာ အသီးသီးနိုင်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် မျိုးစေ့မှအဆင့်ဆင့်ပျိုးထောင်မှု၊ စိုက်ပျိုးမှုများကို  လက်တွေ့သရုပ်ပြ ပျိုးထောင်ခဲ့ကြကြောင်း သိရသည်။

ရိုဘက်စတာ (ROBUSTA)ကော်ဖီမျိုးမှာ သံတောင်ကြီးဒေသတွင် စိုက်ပျိုးလျက်ရှိသည့် အပင်ငယ်အစေ့အသေးမျိုးဖြစ်ပြီး ကော်ဖီသီးများ ရင့်မှည့်ချိန် ဈေးကွက်အရ အစိုလိုက်သော်လည်းကောင်း၊ အခြောက်သော်လည်းကောင်း ဈေးကွက်သွင်းနိုင်ပြီး ဒေသအရကော်ဖီသီးအစို လေးထောင့်ပုံးတစ်ပုံးလျှင် (၁၁၀၀ဝ)ကျပ်မှ (၁၅၀၀ဝ)ကျပ်၊ ကော်ဖီသီးအခြောက်အခွံပါ လေးထောင့်ပုံးတစ်ပုံးလျှင် (၁၈၀၀ဝ)ကျပ်မှ (၂၀၀၀ဝ)ကျပ်အထိ ဈေးရရှိကြောင်း ကော်ဖီစျေးကွက်အခြေအနေအရ သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)