ဟိုင်းကြီးကျွန်း ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ သဲကုန်းကြီးကျေးရွာအုပ်စု၊ သဲကုန်းကြီးကျေးရွာတွင် ကျွဲ၊ နွားကာကွယ်ဆေးထိုးနှံခြင်းနှင့် မွေးမြူရေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀း၀၀)နာရီအချိန်တွင် သဲကုန်းကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားတွင် ဟိုင်းကြီးကျွန်းမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လက်ထောက်ကြီး ကြပ်ရေးမှူး ဦးထက်မျိုးဝေမှ ကျွဲ၊ နွားများတွင်ကျရောက်တတ်သောရောဂါများ၊ ကျွဲ၊ နွား ခွာနာ လျှာနာ၏ ရောဂါလက္ခဏာများနှင့် မည်သို့ကြိုတင်ကာကွယ်ကြရမည့် အချက်များကိုရှင်းလင်း ပြောကြားပြီး တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ကျုံကူး၊ ရေကျော်၊ ဘုရားလှ၊ စမ်းကြီး၊ သဲကုန်းကြီး၊ ညောင်ဝိုင်းကျေးရွာ အုပ်စုများ၏ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ ကျေးရွာ အထောက်အကူပြုအဖွဲ့များ၊ မွေးမြူရေး လုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ပြီးစိတ်ပါဝင်စားစွာ လိုက်ပါဆွေးနွေး ခဲ့ကြကြောင်းသိရသည်။
လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)