ပိုင်ကျုံ ဇန်နဝါရီ ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ တာကရားကျေးရွာ၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ဂုဏ်ပြုသောအားဖြင့် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်နှင့် ကရင်ရိုးရာကောက်သစ်စားပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ကရင်အမျိုးသားအလံတော်ကိုလွှင့်တင်ခဲ့ပြီး တက်ရောက်လာသူများတို့က အလံတော်နှင့်ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များနှင့် စစ်သည်တော်များအား အလေးပြုပြီးနောက် တာဝန်ရှိသူတစ်ဦးမှ နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ သက်ဆိုင်တာဝန်ရှိသူများတို့မှ ပေးပို့လာသောသဝဏ်လွှာများနှင့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ဖြစ်ပေါ်လာပုံအကြောင်းများကို တာဝန်ရှိသူများတို့က အသီးသီးဖတ်ကြားခဲ့ပြီး ကောက်သစ်စားပွဲ အခမ်းအနားကို ကရင်လူမျိုးတို့၏ ရိုးရားယဉ်ကျေးမှုနှင့်အညီ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
ထိုအခမ်းအနားကို ကရင်လူမျိုးတို့၏ ရိုးရားယဉ်ကျေးမှုအမွေအနှစ် တစ်ခုဖြစ်သည်နှင့်အညီ ကရင်လူမျိုးများအနေဖြင့် မိမိတို့နေထိုင်သည့်နေရာဒေသ အသီးသီးများ၌ ရိုးရာမပျက် ထိန်းသိမ်းစောင့်ရှောက်ပြီး နှစ်စဉ်အမြဲကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)