ဒေးဒရဲမြို့နယ်၌ လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရေး လူငယ်ရေးရာ ဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသ

ဒေးဒရဲ ဇန်နဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရန်နှင့် လူငယ်များဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ လူငယ်အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ ကျောင်းစာအပြင် စာရိတ္တကောင်းမွန်သည့် လူချွန်လူကောင်းများ ဖြစ်ပေါ်လာစေရန် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ပြီး နိုင်ငံအကျိုးသယ်ပိုးဆောင်ရွက်နိုင်မည့် လူငယ်များဖြစ်ပေါ်လာစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချပြီး ယဥ်ကျေးသိမ်မွေ့၍ ကိုယ်ကျင့်တရားကောင်းမွန်သော လူတော် လူကောင်းများဖြစ်ပေါ်လာစေရေး၊ လူငယ်များ  ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာပေဗဟုသုတများစွာ သိုလှောင်ထားသည့် ပညာဘဏ်တိုက်စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာအုပ်စာပေလေ့လာခြင်းအားဖြင့် အသိဥာဏ်ပညာဖွံ့ဖြိုးလာပြီး မိမိနိုင်ငံနှင့် မိမိလူမျိုးကို အကျိုးပြုနိုင်မည့် လူငယ်များပေါ်ထွက်လာစေရေးအတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များ ပြသခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများကိုဆွေးနွေးခဲ့ပြီး လူငယ်နှင့်အနာဂတ်ခေါင်းစဥ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့ပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့် လူငယ်ရေးရာ အသိပညာပေးနံရံကပ်စာစောင်များ၊ လူကုန်ကူးမှုအန္တရာယ် တားဆီကာကွယ်ရေးနှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို  ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အေဇာလင်း