ဒိုက်ဦးမြို့နယ်တွင် အခမဲ့ ကာကွယ်ကုသရေး ဖျားနာရောဂါကုဆေးခန်း (Fever Clinc) ဖွင့်လှစ်ထားရှိ

ဒိုက်ဦး အောက်တိုဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့၊ ကန်တော်မင်္ဂလာကျောင်းတိုက်အတွင်းရှိ ဒေါ်ခင်မြင့်မြင့် စာကြည့်တိုက်အတွင်း၌ အခမဲ့ကိုဗစ်-၁၉ ရောဂါ ကုသကာကွယ်နိုင်ရေးအတွက် ဒိုက်ဦး အခမဲ့ဖျားနာရောဂါကုဆေးခန်း ဖွင့်လှစ်ထားရှိရာ အဆိုပါ ဆေးခန်းတွင် လူနာစာရင်း သွင်းရန် တစ်ခန်း၊ သူနာပြုဆရာမတစ်ခန်း (အဖျားတိုင်း၊ ဆေးပေး)၊ ဆရာဝန်စမ်းသပ်ခန်း တစ်ခန်းပါဝင်သည်။
ဆေးခန်းသို့ လာရောက်ပြသကြမည့် သူများအားအတွက် စည်းကမ်းချက်များနှင့်အညီ လက်ခံသွားမည်ဖြစ်ကာ တစ်ပတ်လျှင် ၃ ရက် အင်္ဂါ၊ ကြာသပတေး၊ စနေနေ့များ၌ နေ့လယ် ၁၂ နာရီမှ မွန်းလွဲ ၂ နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆေးခန်းမှ စစ်ဆေး၍ သံသယလူနာအဖြစ် တွေ့ရှိပါက မြို့နယ်ဆေးရုံသို့ ချက်ခြင်း ပို့ဆောင်ကာ Swab နမူနာများ ရယူစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်(ဒိုက်ဦး)