ပုသိမ် ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ မြစိမ်းရောင်တောင်တော်၌ ကျင်းပသည့် “ထူးချင်ဖူးစမ်း မြစိမ်းရောင်ပြခန်း” ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတောင်တော်၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံ ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြခန်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်သည် ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြခန်းအလှူရှင်များနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်သည် တာဝန်ရှိသူများနှင့်အတူ ကရင်ရိုးရာယဉ်ကျေးမှုပြခန်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(မြောင်းမြ)ပြခန်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနပြခန်း၊ ဝါးခယ်မ၊ အိမ်မဲ၊ မြောင်းမြမြို့နယ်ပြခန်း၊ မြောင်းမြခရိုင်ဆန်စက်လုပ်ငန်းရှင်များပြခန်း၊ မြစိမ်းရောင်တောင်တော်သို့ ဒေသခံများမှ လာရောက်လှူဒါန်း စုဆောင်းထားသော ကြေးထည်ပစ္စည်းများနှင့် အသုံးအဆောင်များ၊ ငွေထည်ပစ္စည်းများနှင့် အသုံးအဆောင်များ၊ ဘုရားစေတီများ၊ ငွေဖလားနှင့် အသုံးအဆောင်ပစ္စည်းများ၊ ရှေးဟောင်းဘုရားများနှင့် ရှေးဟောင်းကျောက်များအား လှည့်လည်ကြည့်ရှုခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် တာဝန်ရှိသူများနှင့်အတူ ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်သည့် မြစိမ်းရောင် သာသနာ့နယ်မြေ ကွန်ကရစ်လမ်းသစ်များနှင့် ဂဝံလမ်းသစ်ဖွင့်ပွဲအခမ်းအနားအား တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းသစ်များနှင့် ဂဝံလမ်းသစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ယနေ့ဖွင့်လှစ်သည့် လမ်းသည်ကွန်ကရစ်လမ်း (၁) မိုင်၊ (၄.၁၇) ဖာလုံ၊ ကတ္တရာလမ်း အတိုင်းအတာအားဖြင့် (၃.၅)ဖာလုံနှင့် ဂဝံလမ်း(၄.၀၁)ဖာလုံ၊ စုစုပေါင်းအတိုင်းအတာ (၂)မိုင်၊ (၄.၂၂)ဖာလုံအား နှစ်နှစ်တာကာလအတွင်း အလှူရှင်အသီးသီးမှ ထည့်ဝင်လှူဒါန်းပြီး ကိုယ်ထူကိုယ်ထဖောက်လုပ်လှူဒါန်းခြင်းဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ်၊ (၈၆) နှစ်မြောက်၊ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်အား ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ မြစိမ်းရောင်တောင်တော်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာချုပ်တိုင်းမှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဖားစည်ကိုးချက်တီး၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီးနောက် ကရင်ရိုးရာယဉ်ကျေးမှုဒုံးအဖွဲ့က ဂုဏ်ပြုကပြဖျော်ဖြေခဲ့သည်။ ထို့နောက်ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သဝဏ်လွှာအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်ကဖတ်ကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ဧရာဝတီတိုင်းဒေသကြီးသည် ဗမာတိုင်းရင်းသားများပြီးပါက ကရင်တိုင်းရင်းသားများ အများဆုံးနေထိုင်ပါကြောင်း၊ မြစိမ်းရောင်တောင်တော်ကြီး၌ ဘာသာ၊ သာသနာထွန်းကားမှု၊ နယ်မြေအေးချမ်းတည်ငြိမ်မှု၊ စိုက်ပျိုးမွေးမြူရေး ဖြစ်ထွန်းအောင်မြင်မှု၊ ဒေသခံတိုင်းရင်းသားများ၏ ဖော်ရွေပျူငှာမှုတို့အား အခြေခံ၍ မြောင်းမြမြို့၊ မြစိမ်းရောင်တောင်တော်၌ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အား ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမျိုးသားရေးရည်မှန်းချက် နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေးစံပြတိုင်းဒေသကြီးဖြစ်စေရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများလည်း အောင်မြင်တိုးတက်စေရေးအားလုံး ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း” နှစ်သစ်နှုတ်ခွန်းဆက် စကားများပြောကြားပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက ဆက်လက်၍ နှုတ်ခွန်းဆက်စကားများ ပြောကြားသည်။
ဆက်လက်၍ ငုအိုင်ဆရာတော် ဘဒ္ဒန္တသေဋိလနှင့် ကက်သလစ်သာသနာဘုန်းတော်ကြီး ဖာသာရ်ဝီးလ်ဖရက် မန်းမြင့်စိုးတို့က နှစ်သစ်နှုတ်ခွန်းဆက်စကားများပြောကြား၍ ဆုတောင်းမေတ္တာများ ပို့သခဲ့ပြီးနောက် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှပေးပို့သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သဝဏ်လွှာအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးကဖတ်ကြားခဲ့ကာ တိုင်းဒေသကြီးကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌက ကရင်နှစ်သစ်ကူးနေ့အကြောင်း သိကောင်းစရာများနှင့် ကျေးဇူးတင်စကားများ ပြောကြားခဲ့သည်။ ထို့နောက် ကရင်တိုင်းရင်းသားလူငယ်များက ကရင်နှစ်သစ်ကူးသီချင်း ဂုဏ်ပြုသီဆိုမှုကို ကြည့်ရှုအားပေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအတွက်ဂုဏ်ပြုငွေချီးမြှင့်ခဲ့ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)