ချောက် ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ချောက်မြို့နယ်တွင် ဌာနဆိုင်ရာများပူးပေါင်း၍ အ.လ.က (၄) (တပ်မြေ) ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်ကကျင်းပခဲ့သည်။
ရှေးဦးစွာ အ.လ.က (၄) တပ်မြေကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သူဇာလွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သိမ့်ဝါက "ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဦးစောမြဖောင်းက "သဘာဝဘေးအသိပညာပေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက “စားသုံးရန်မသင့်သောအစားအစာများနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါဝင်သည့်ပစ္စည်းများအား ဝယ်ယူသုံးစွဲတတ်စေရေး"ခေါင်း စဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဦးစိုးဝဏ္ဏထင်က "မီးခိုးမြူငွေ့" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်
ထို့နောက် မူလတန်းအဆင့် ကျောင်းသား/သူလေးများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပုံပြင်ပြောပြခြင်း၊ ဥာဏ်စမ်းအမေး/အဖြေမေးမြန်းခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ဝန်ထမ်းများက သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ သိကောင်းစ ရာများကို အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သူဇာလွင်နှင့် ဆရာ၊ ဆရာမ၊ ကျောင်းသား/သူစုစုပေါင်း (၁၅၀) ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးကအ.လ.က(၄) (တပ်မြေ) ကျောင်းအတွင်း ရောင်းချသော မုန့်စျေးတန်းရှိ မုန့်ဆိုင်များအား စားသုံးသူအန္တရာယ်ကင်းရှင်းစေရေး စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြမှုရှိ/မရှိစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကျော်မိုး(ပြန်/ဆက်)