မြန်အောင်မြို့နယ်တွင် နယ်မြေရဲစခန်းအလိုက် အထူးရဲသင်တန်းဆင်းပွဲများကျင်းပ

မြန်အောင်  အောက်တိုဘာ ၂၈

၂ဝ၂ဝပြည့်နှစ် နိုဝင်ဘာ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မြန်အောင် မြို့နယ်အတွင်း မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းဆင်းပွဲများကို ယနေ့နံနက်က မြို့နယ် ရဲတပ်ဖွဲ့မှ နယ်မြေရဲစခန်း အလိုက် ကျင်းပခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့မရဲစခန်းမှ အထူးရဲသင်တန်းဆင်းပွဲကို မြန်အောင်မြို့ ဝေဠုဝန်ပရိယတ္တိစာသင်တိုက် ဘောဇနသာလာ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် မြန်အောင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိန်လှိုင်က အထူးရဲတာဝန် ထမ်းဆောင်ကြမည့်သူများ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသက်ဝေက အထူးရဲသင်တန်း တက်ရောက်သူများအား သက်ဆိုင်ရာမဲရုံတွင် တာဝန်ကျေပြွန်စွာထမ်းဆောင်ရန်၊ အထူးရဲများလိုက်နာရမည့် စည်းကမ်း ကျင့်ဝတ်များကို လိုက်နာကြရန် ပြောကြားခဲ့သည်။

အခမ်းအနားသို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိန်လှိုင်၊ မြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူးသက်ဝေ၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက်၊ မြန်အောင်မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ညွန့်နှင့် ရဲတပ်ဖွဲ့ဝင်များနှင့် အထူးရဲ သင်တန်းသား (၅၀)ဦးတို့ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြန်အောင်မြို့ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ အထူးရဲများအတွက် KN95 Disposable Folding Mask များ လာရောက်ခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့ မြို့နယ်အတွင်း မြန်အောင်မြို့မရဲစခန်းပိုင်တွင် မဲရုံ(၅၀) အင်ပင်ရဲ စခန်းပိုင်နယ်မြေတွင် မဲရုံ(၆၉)ရုံ၊ ကနောင်ရဲစခန်းပိုင်နယ် မြေတွင်(၂၃)ရုံ၊ ရွှေကျင်ရဲစခန်းပိုင် နယ်မြေတွင်(၃၀)ရုံ၊ သပြေကုန်းရဲ ကင်းစခန်းပိုင်နယ်မြေတွင် (၃၉)ရုံ၊ မြို့နယ်အတွင်း မဲရုံစုစုပေါင်း(၂၁၁)ရုံတွင် ရွေးကောက်ပွဲ ကျင်းပမည့်နေ့ တွင် မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာဖြင့် လာရောက်မဲပေးနိုင်ရေးအတွက် အထူးရဲ အင်အား(၂၁၁)ဦး ခန့်အပ်တာဝန်ပေးထားသည်။

ဝင်းဗိုလ် (ပြန်/ဆက်) မြန်အောင်