ကျောက်တံခါး ဇန်နဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာအလယ်တန်း (ရင်းတိုက်ကုန်း)ကျောင်းတွင် ယနေ့နံနက်(၉)နာရီအချိန်က “လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ” ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်မင်းထွန်းက ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ အကျင့်စာရိတ္တကောင်းမွန်စေရန်၊ ရည်မှန်းချက်များ ထားရှိတတ်ကြစေရန်၊ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားများ ပြုလုပ်ဆောင်ရွက်နိုင်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ကိုသိရှိပြီး ရှောင်ကျဉ်ကြရန်နှင့် စက်မှုစိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းတွင် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်နိုင်ရေးအတွက် ယခုလို ဟောပွဲလာရောက်ဆောင်ရွက်ခြင်းဖြစ်၍ စိတ်ပါဝင်စားစွာ နားထောင်မှတ်သားကြရန် အမှာစကားပြောကြားခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန်းတင့်က လူကုန်ကူးမှုအန္တရာယ်၊ လူကုန်ကူးခံရခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများအကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားမှူး ဒေါ်နုနုခင်က အားကစားသိပ္ပံအကြောင်းနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာနှင်းနုလွင်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်း (ပဲနွယ်ကုန်း)ကျောင်း၌ ဖွင့်လှစ်မည့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း အကြောင်းတို့ကို အကျယ်တဝံ့ရှင်းလင်းပြောကြားပြီးနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန နည်းစနစ်မှူး ဒေါ်မိုးသူဇာက ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ သရုပ်ပြကစားခဲ့ကြသည်။
အဆိုပါဟောပြောပွဲသို့ ဒုတိယမြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာတာဝန်ခံများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်၊
မြို့နယ် (ပြန်/ဆက်)