ပေါင်းတည်၌ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများအား ပုံစံ ၂၇ မျိုးနှင့် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးဆွေးနွေး

ပေါင်းတည် ဇန်နဝါရီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခန်းမဆောင်၌ ယနေ့နံနက် ၁၀ နာရီက ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား ပုံစံ ၂၇ မျိုးရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်က အဖွင့်အမှာစကားပြောကြားသည်။ ထိုသို့ ပြောကြားရာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်မှုများ၊ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းများအကြောင်းတို့ကို ထည့်သွင်းမှာကြားသည်။ ဆက်လက်၍ လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးအတွက် ရည်ရွယ်၍ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအနေဖြင့် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ​ဖြင့် အောင်မြင်ပြီးမြောက်အောင် မြန်ဆန်သွက်လက်စွာ ဆောင်ရွက်နိုင်ကြစေရန် ပုံစံ ၂၇ မျိုးနှင့် ပတ်သက်၍ ဆောင်ရွက်ပုံနည်းလမ်းများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာစိုးက ပုံစံတစ်မျိုးစီကို ပရိုဂျက်တာနှင့်တကွ ရှင်းလင်းပြသပေးခဲ့ပြီး မရှင်းလင်းသည်များကို ရပ်/ ကျေးအုပ်ချုပ်ရေးအဖွဲ့များက မေးမြန်းကြရာ အသေးစိတ်ရှင်းလင်းပြသပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါရှင်းလင်းဆွေးနွေးပွဲသို့ မြို့ပေါ် ၁၂ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၄၄ အုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)