ပေါက်ခေါင်းမြို့လူထုအခြေပြုဗဟိုဌာနတွင် Book Club ၊ Youth Club အဖွဲ့တို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ပေါက်ခေါင်း ဇန်နဝါရီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)၊ ဝါသနာတူလူငယ်များအသင်း(Youth Club)တို့ပူးပေါင်းပြီး စာရေးဆရာရနံ့သိုက်ရေးသားထားသည့် "သင့်အနာဂတ်ကို သင်ကိုယ်တိုင်ဖန်တီးယူပါ"  စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်က စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များ၊ စာပေဗဟုသုတများကိုတစ်ဦးနှင့်တစ်ဦးအပြန်အလှန်ပြောကြားခြင်းဖြင့် စာပေ၏အကျိုးကျေးဇူးကို ပိုမိုသိရှိလာမှာဖြစ်ကြောင်းပြောကြားပြီး စာရေးဆရာရနံ့သိုက် ရေးသားထားသည့် "သင့်အနာဂတ်ကို သင်ကိုယ်တိုင်ဖန်တီးယူပါ" စာအုပ်မှ ခေါင်းစဉ်ခွဲများဖြစ်သည့် သင့်ဘဝက သင့်အလုပ်ပါ၊ ရည်ရွယ်ချက်မှ အောင်မြင်မှုသို့၊ အောင်မြင်မယ်လို့ယုံကြည်ပြီလားနှင့် ကျရှုံးခြင်းမှအောင်မြင်ခြင်းသို့စသည့် အကြောင်းအရာများကို(Book Club)အဖွဲ့ဝင် ကဗျာဆရာမ မလေးချို(ပေါင်းတည်)၊ စာပေဝါသနာရှင်ဦးတင်ဝင်း၊ အဖွဲ့ဝင်ဦးဝင်နိုင်၊ Youth Club အဖွဲ့ဝင် မောင်ဝေယံအောင်တို့က အသီးသီးဦးဆောင်ဖတ်ကြားဆွေးနွေးခဲ့ရာ (Youth Club)အဖွဲ့ဝင်များ၊ စာပေချစ်သူလူငယ်များက သိရှိလိုသည်များကို ပြန်လည်မေးမြန်းပြီး တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ဆွေးနွေးပြောကြားခဲ့သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ စာအုပ်စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club)၊ ဝါသနာတူလူငယ်များအသင်း(Youth Club)နှင့် စာပေချစ်သူလူငယ်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)