မင်းလှ(အောက်)အောက်တိုဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင်အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ လုပ်ငန်းများ ကြိုတင် ဆောင်ရွက်နိုင် ရန်အတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်း အဝေးခန်းမ၌ အောက်တို ဘာ ၂၇ ရက် နေ့လည် ၃ နာရီအချိန်ကပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးညွန့်က ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာလွန်စွာနီးကပ်နေပြီ ဖြစ်သဖြင့် မိမိတို့မြို့နယ်အနေဖြင့် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲအားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယခုလိုအဖွဲ့ဝင်များအားခေါ်ယူတွေ့ဆုံရခြင်းဖြစ်ပြီး အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်စေလိုကြောင်း၊ ကြိုတင်ပြင်ထားသင့်သည့် မဲရုံအတွင်း အပြင်တာဝန်ခွဲဝေပေးခြင်း၊ ပရဟိတ အဖွဲ့များတာဝန်ခွဲဝေခြင်း၊ မဲလက်မှတ်များ သိမ်းဆည်းခြင်း၊ မဲရုံသုံးပစ္စည်များဖြန့်ဝေခြင်း၊ လုံခြုံရေးထားရှိခြင်း၊ ကျန်းမာရေးစစ်ဆေး မှုများဆောင်ရွက် ထားရှိမှု၊ ဆန္ဒမဲလက်မှတ်များစစ်ဆေး သိမ်းဆည်းခြင်းနှင့် မဲရုံဆောက်လုပ်သွားမည့် အခြေအနေ စသည့်အချက်များ ကိုပွင့်ပွင့်လင်းလင်းဆွေးနွေးစေလိုကြောင်း ပြောကြားသည်။
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးခင်ဝင်းက ရွေးကောက်ပွဲတွင်ဆောင်ရွက်မည့် မဲလက်မှတ်၊မဲပုံးနှင့် မဲရုံသုံးပစ္စည်းများထုတ်ပေးရန်စီစဉ်ထားမှု၊ ပြည်သူများဆန္ဒမဲပေးရန်မဲရုံများတွင် ကျန်းမာရေးနှင့် အညီဆောင်ရွက်ထားမှု၊ မဲလက်မှတ်များစီစစ်သိမ်းဆည်း သယ်ယူပို့ဆောင်ခြင်းစသည့် လုပ်ငန်းစဉ် များကို ဆွေးနွေးပြောကြားသည်။
မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးတင်မောင်သန်းက မဲရုံလုံခြုံရေးနှင့် မဲလက်မှတ်များသယ်ယူပို့ဆောင်ရန် အထူးရဲများ စီစဉ်ထားခြင်းတို့ကိုဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာသူများက အပြန်အလှန်ဆွေးနွေးခဲ့ပြီး ညှိနှိုင်းခဲ့ကြောင်းသိရသည်။