ဖြူးမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးနိုင်ရေး ဖြူးချောင်းရေလှောင်တမံမှ စိုက်ပျိုးရေများပေးဝေ

ဖြူး ဒီဇင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ ဖြူးချောင်းရေလှောင်တမံ၏ လက်ရှိ အခြေအနေမှာ ကန်ရေအမှတ် (၄၅၂.၃၅) ပေရှိပြီးနွေစပါး စိုက်ပျိုးနိုင်ရေး ရေပေးဝေနေလျက်ရှိကြောင်း ဖြူးမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ ဖြူးချောင်းရေလှောင်တမံသည် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၁၁၅) မိုင် လမ်းမကြီးအနောက်ဘက်တွင်တည်ရှိပြီး (၈-၁-၂၀၁၅) ရက်နေ့တွင် ဖွင့်လှစ်ကာ ရေသောက်ဧရိယာဧက (၉၀၀၀၀) အနက် (၁၇၃၈၉) ဧကအတွက် ယမန်နှစ်အထိ ရေပေးဝေနိုင်ခဲ့ပြီး ယခုနှစ်တွင် နွေစပါးစိုက်တောင်သူလယ်သမားများ အချိန်မီထွန်ယက် စိုက်ပျိုးနိုင်ရေး စတင်ရေပေးဝေနေပြီဖြစ်ကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ နွေစပါးစိုက်ပျိုးနိုင်ရေး ဒေသလျာထားမှု (၁၇၃၈၉) ဧက စိုက်ပျိုးရန်လျာထားပြီး အင်းအိုင်ရေဖြင့် (၄၀၉) ဧက၊ ချောင်းပိတ်ရေဖြင့် (၃၅၅၃) ဧက၊ ဆည်ရေဖြင့် (၁၃၄၂၇) ဧကရှိကြောင်း၊ နွေစပါးလျာထားမှုဧက ပြည့်မီရေး ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)