မကွေး ဇန်နဝါရီ ၁၂
ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် ပြည်ဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့ နံနက်ပိုင်းက မကွေးမြို့ ကန်သာမင်္ဂလာကန်တော်၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်များနှင့် ပြည်သူစုစုပေါင်း (၇၀၀)ဦးခန့်က မကွေးခရိုင် အားကစားကွင်းရှေ့မှ စတင်၍ အ.ထ.က(၁)လမ်းမှ ကန်သာမင်္ဂလာကန်တော်အထိ “သာသနာကို ဖျက်ဆီးနေသော အကြမ်းဖက်သူပုန်များအား ရှင်းလင်းရေး”၊ “ဗုဒ္ဓသာသနာအား စော်ကားဖျက်စီးနေသော အကြမ်းဖက်သူပုန်မှန်သမျှ ဆန့်ကျင်ကြ”၊ “ဘုရားစေတီများအား ဖျက်ဆီးနေသည့် လူသတ်အကြမ်းဖက် သူပုန်မှန်သမျှ ကျဆုံးပါစေ” စသည့် စာသာများပါဝင်သည့် ဗီနိုင်များကိုင်ဆောင်၍ ကြွေးကြော်ကာ ကန့်ကွက်ရှုတ်ချခဲ့ကြသည်။
ထို့နောက် ကန်သာမင်္ဂလာကန်တော်တွင် ကန့်ကွက်ရှုတ်ချပွဲ ဦးဆောင်သူများက ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးနေသည့် အကြမ်းဖက် သောင်းကျန်းသူများ၊ ပြည်ဖျက်မိစ္ဆာများနှင့်ပတ်သက်၍ အသီးသီး ကန့်ကွက်ရှုတ်ချ ဟောပြောခဲ့ပြီး ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသိရသည်။
ကိုကို(မကွေး)