မြိတ် ဇန်နဝါရီ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၁၀ နာရီက မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာအစည်းအဝေးခန်းမတွင် ကျင်းပသည့် တိုင်းဒေသကြီး စက်သုံးဆီလုပ်ငန်းရှင်များအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းဒေသကြီးအတွင်း စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးဆောင်ရွက်ရာတွင် ဆောင်ရွက်သင့်သည်များကို မှာကြားလိုသည်နှင့်ဆွေးနွေးလိုသည်များရှိသည့်အတွက် အစည်းအဝေးပြုလုပ်ခြင်းဖြစ်ကြောင်း၊ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးဆောင်ရွက်နေတာနှင့်ပတ်သက်ပြီး ဆီဈေးနှုန်းကို သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချရန်လိုအပ်ကြောင်း၊ အထူးသဖြင့် ငါးဖမ်းစက်လှေနှင့် ရေလုပ်ငန်းတွေလုပ်ကြတာဖြစ်သည့်အတွက် သတ်မှတ်သည့် ဈေးနှုန်းဖြင့် ရောင်းချကြရန် စဉ်းစားရမည်ဖြစ်ကြောင်း၊ တင်သွင်းသူနှင့် သုံးစွဲသူညီမျှအောင် ညှိနှိုင်းကြဖို့လိုကြောင်း၊ ကုန်တင်ယာဉ် ကုန်စည်သယ်ယူပို့ဆောင်စရိတ်သည် ဆီဈေးနှုန်းကို အခြေခံသည့်အတွက် စားသုံးသူများ သက်တောင့်သက်သာဖြစ်အောင် လုပ်ကြရမည်ဖြစ်သည့်အတွက် နှစ်ဦးနှစ်ဖက်ညီမျှဖို့လိုအပ်ကြောင်း၊ စက်သုံးဆီတင်သွင်းရောင်းချပေးရာတွင် တစ်ဂါလံလျှင် သတ်မှတ်ထားသည့် ချင်တွယ်မှုမှန်ကန်စေရန်လိုအပ်ကြောင်း၊ ဆီ၏အရည်အသွေး ကောင်းမွန်ဖို့လိုအပ်ကြောင်း၊ စက်သုံးဆီတင်သွင်းသည့် နေရာတွင်လည်း တင်သွင်းလာသည့်အတိုင်း နိုင်ငံတော်သို့ အခွန်များကို တိကျမှန်ကန်စွာ ပေးဆောင်ဖို့လိုအပ်ကြောင်း၊ ဆီများကိုအန္တရာယ်မဖြစ်အောင်စနစ်တကျ သိုလှောင်ထားရှိရန်လိုအပ်ကြောင်း၊ ဆီဈေးနှုန်းကို သင့်တော်သည့်ဈေးနှုန်းသတ်မှတ်ပြီး မျှမျှတတဖြစ်အောင် ဆောင်ရွက်ပါက အဆင်ပြေနိုင်ကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက တိုင်းဒေသကြီးအတွင်း စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန တိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေးအရာရှိ ဦးအောင်ဇော်ချစ်က ဒေသအလိုက် စက်သုံးဆီများ တင်သွင်းဖြန့်ဖြူး ရောင်းချဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တက်ရောက်လာကြသည့် စက်သုံးဆီ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များက လုပ်ငန်းအလိုက် စက်သုံးဆီများ တင်သွင်းဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြခဲ့ကြရာ ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)