သံတောင်ကြီးမြို့၌ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပ

သံတောင်ကြီး ဇန်နဝါရီ ၁၂

ကရင်တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်ဖြစ်သည့်  ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ်၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့  အခမ်းအနား ကို ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့တွင် ရိုးရာအစဉ်အလာမပျက် နှစ်စဉ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် (၇) နာရီ အချိန်က ကရင်နှစ်ကူး တောင်ထိပ်တွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ ကရင်အလံလွင့်ထူခြင်း၊ တံခွန်တိုင် အဖိုအမစိုက်ထူခြင်းများ ဆောင်ရွက်ခဲ့ပြီး ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်မှ  ဆရာတော်ဘိုသာက အဖွင့်ဆုတောင်းပေးခြင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဗိုလ်က နှုတ်ခွန်းဆက် အမှာစကားပြီး ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံနှင့် တံခွန်တိုင်စိုက်ထူရခြင်း ဖြစ်ပေါ်လာပုံများကို ကရင်နှစ်သစ်ကူးကော်မတီဥက္ကဋ္ဌက ပြောကြားခြင်း၊ ရှင်ဂျော့ဂျက်အသင်းတော်မှ  ဆရာတော် လာတာမူးက ကရင်တစ်မျိုးသားလုံးအတွက် ဆုတောင်းမေတ္တာ ပို့သပေးခြင်း ဘွဲကရင်စာပေ ကော်မတီဥက္ကဋ္ဌ ဆရာတော် မူးယွာထူးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ခရစ်ယာန်ဘာသာရေး ဆရာတော်များက ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနား တက်ရောက်လာကြသည့် ပရိတ်သတ်များအား တရော်ကင်ပွန်း ခေါင်းလျှော်ရည်များဖြင့် ခေါင်းဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နော်နော်မူ