နတ်တလင်း ဇန်နဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက နတ်တလင်းမြို့၊ အ.မ.က သဲကုန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက် စာအုပ်ငှားရမ်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထားထားဦးက စာဖတ်ရှိန်မြှင့်တင်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုပပျောက်ရေးနှင့် လူငယ်များ အမှား/အမှန် ဝေဖန်ပိုင်းခြားတတ်သည့် အသိပညာမြင့်မားတိုးတက်ရေးအတွက် ကျောင်းစာကြိုးစားခြင်းအပြင် ပြင်ပဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များဖတ်ရှုလေ့လာရေးတို့ကို ဆွေးနွေးဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေမည့် ရုပ်ပုံပါစာအုပ်ဖြင့်ပုံပြောပြခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်စေခြင်းတို့ ဆောင်ရွက်ခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော လူကုန်ကူးမှုတားဆီး ရေးအသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာကြပြီး စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာဖတ်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)