ပန်းတနော်မြို့၌ မြို့နယ်အဆင့် ၂၇၆၃ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အခမ်းအနားကျင်းပ

ပန်းတနော်၊ ဇန်နဝါရီ ၁၂

၂၇၆၃ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ကျုံတုံးကြီးကျေးရွာအုပ်စု၊ လက်ပန်ပင်ကျေးရွာ၌ မြို့နယ်အဆင့် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ကရင်အမျိုးသားအလံတော်အား ကရင်အမျိုးသားသီချင်းသီဆို၍ လွှင့်တင်ခဲ့ပြီး တက်ရောက်လာကြသော တာဝန်ရှိသူများနှင့် တိုင်းရင်းသားပြည်သူများက အလံတော်အား အလေးပြုခဲ့ကြသည်။

အခမ်းအနားတွင် သဘာပတိအဖွဲ့ဝင် တာဝန်ရှိသူတစ်ဦးမှ ကရင်အမျိုးသားနှစ်သစ်ကူး သဝဏ်လွှာအား ဖတ်ကြားခြင်းနှင့် အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ဝမ်းမြောက်စကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ကရင်စာပေနှင့် ယဥ်ကျေးမှုအသင်းဥက္ကဋ္ဌမှ နှစ်သစ်ကူးနှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပြီး ကရင်အမျိုးသားနှစ်သစ်ကူးနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်း သိကောင်းစရာအများအား စကောကရင်ဘာသာစကားဖြင့်လည်းကောင်း၊ ပိုးကရင်ဘာသာစကားဖြင့် လည်းကောင်း၊ မြန်မာဘာသာစကားဖြင့်လည်းကောင်း အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ သဘာပတိအဖွဲ့ဝင်များ၊ မြို့နယ်ကရင်စာပေနှင့် ယဥ်ကျေးမှုအသင်းအဖွဲ့ဝင်များ၊ ကရင်တိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော် (ပြန်/ဆက်)