ကော့သောင်း ဇန်နဝါရီ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ဥပ္ပါတသန္တိပရိတ်တော် ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၀၆:၃၀) အချိန်က ကော့သောင်းမြို့ ဆုတောင်းပြည့်ပြည်တော်အေးစေတီရင်ပြင်ရှိ ဓမ္မာရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနားအား ဆရာတော် သံဃာတော်အရှင်သူမြတ်များက မြတ်စွာဘုရားအား ပင့်ဆောင်ခြင်းနှင့် ရှိခိုးပူဇော်ခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီး ကော့သောင်းမြို့ ရွှေပြည်သာဆရာတော် ဘဒ္ဒန္တပါမောက္ခ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ ဆရာတော်သံဃာတော် အရှင်သူမြတ်များက နတ်၊ဗြဟ္မာများအား ဖိတ်ကြားခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ ကြွရောက်လာကြသော ဆရာတော်၊သံဃာတော်အရှင်မြတ်များအား ကော့သောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ရွှေပြည်သာ ဆရာတော် ဘဒ္ဒန္တ ပါမောက္ခအရှင်သူမြတ်ထံမှ လှူဒါန်းမှု အစုစုအတွက် အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေးခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီးဆရာတော် သံဃာတော် အရှင်သူမြတ်များက ဥပ္ပါတသန္တိပရိတ်တော်အား ရွတ်ဖတ်ပူဇော်ကြသည်။
အဆိုပါ ဥပ္ပါတသန္တိပရိတ်တော်အား ရွတ်ဖတ်ပူဇော်ခြင်းကို ဇန်နဝါရီလ ၁၂ ရက်နေ့မှ စတင်၍ ဇန်နဝါရီလ ၂၀ ရက်နေ့အထိ (၉)ရက်တိုင်တိုင် သံဃာတော်အရှင်သူမြတ်များက ရွတ်ဖတ်ပူဇော် သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)