ကျွန်းလှ ဇန်နဝါရီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) ၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို "ကြိုဆိုပါသည် ပညာရေးစုံညီပွဲတော်" သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက အမှာစကားပြောကြား၍ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်း တိုးမြှင့်ဖွင့်လှစ်နိုင်မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) ကျောင်းအုပ်ဆရာအကြီး ဒေါ်အေးအေးစိုးက ကျောင်းနှင့်ပတ်သက်သည့် အချက်အလက်များနှင့် ဆုရွေးချယ်ချီးမြှင့်ရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးဖြင့်အောင်မြင်ကြသော ကျောင်းသား၊ ကျောင်းသူများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကာယ၊ ညာဏ ဆုရကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူတို့က ဆုချီးမြှင့်ခြင်းနှင့် အလှူရှင်များအား ဂုဏ်မှတ်တမ်းပေးအပ်ကြကြောင်း သိရသည်။
အဆိုပါ ပညာရေးစုံညီပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ တက်ရောက်ကြပြီး ကျောင်းသား၊ ကျောင်းသူများက အကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)