ပိုင်ကျုံ ဇန်နဝါရီ ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာ၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင်ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ဂုဏ်ပြုသောအားဖြင့် (၂၅) ကြိမ်မြောက် ငွေရတု ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ပွဲတော်နှင့် ကရင်ရိုးရာ ကောက်သစ်စားပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကစိုကျေးရွာ နှစ်သစ်ကူးကွင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို ကျွဲချိုမှုတ်၍ ဖားစည်တီးကာ ဖွင့်လှစ်ပြီး ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပရေး ကော်မတီအဖွဲ့ဝင် တစ်ဦးမှ ကရင်အမျိုးသားအလံတော်ကို လွှင့်တင်ပေးကာ တက်ရောက်လာသူများ ကရင်အမျိုးသား သီချင်းကို သီဆိုပြီး ကရင်အမျိုးသား အလံတော်ကို အလေးပြုကြသည်။
အခမ်းအနားတွင် သဘာပတိက နှစ်သစ်ကူး မင်္ဂလာနှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး KNU ကရင် အမျိုးသား အစည်းအရုံး၊ ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး စောမူထူးစေးဖိုး၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်စောထွန်းလှိုင်နှင့် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးတို့မှ ပေးပို့လာသော ကရင်အမျိုးသား နှစ်သစ်ကူးနေ့ သဝဏ်လွှာအား တာဝန်ရှိသူများတို့မှ အသီးသီးဖတ်ကြားခဲ့သည်။
ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ဖြစ်ပေါ် လာပုံအကြောင်းကို ပိုးကရင်၊ စကောကရင်၊ မြန်မာဘာသာတို့ဖတ်ကြားပြီး တက်ရောက်လာသူများက (အှ်ဃူ့အှ်ဃှင်) စည်းလုံးကြစို့သီချင်းဖြင့် သီဆိုပြီး ကရင်ရိုးရာကောက်သစ်စားပွဲနှင့် ဖိဗီးယော်ပူဇော်ပွဲကို ဆက်လက်ကျင်းပရာ ကရင်လူမျိုးတို့၏ ရှေးခေတ် ဓလေ့ထုံးတမ်း အစဉ်အလာများနှင့်အညီ ကျင်းပခဲ့သည်။ လာရောက်ကြသော ဧည့်သည်တော်များကို စတုဒိသာထမင်းများ ကျွေးမွေးလျက်ရှိကြောင်း သိရသည်။
နော်ခူး (ပြန်/ဆက်)