ပဲခူး ဇန်နဝါရီ ၁၁
ပဲခူးမြို့နယ်၊ သရက်ကုန်းကျေးရွာ၌ ယနေ့နံနက်ပိုင်းက ကရင်သက္ကရာဇ် (၂၇၆၃) ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော်အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့ကြသည်။
ရှေးဦးစွာ ဖားစည်(၉)ချက်တီး၍ အခမ်းအနားကို ဖွင့်လှစ်ပြီး နိုင်ငံတော်အလံနှင့် ကရင်အမျိုးသားအလံတို့အား အလံတိုင်ထိပ်သို့ လွှင့်ထူကာ အခမ်းအနားတက်ရောက်လာကြသူများက အလေးပြုကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကရင်သက္ကရာဇ် (၂၇၆၃)ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အား ကြိုဆိုသောအားဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ယင်းနောက် ညောင်အင်းကျေးရွာ ဒုံးအဖွဲ့က “စည်းလုံးချင်းသည်အင်အား” သီးချင်းဖြင့်လည်းကောင်း၊ သရက်ကုန်းကျေးရွာဒုံးအဖွဲ့က “နှစ်ဦးပန်းများမွှေးပါစေ”သီချင်း၊ “လေလေ”ဒုံးအကဖြင့်လည်းကောင်း အသီးသီး ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ဒုံးယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ခဲ့ရာ ပဲခူးမြို့နယ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြကာ တက်ရောက်လာသည့် ဧည့်သည်တော်များအား ကရင်တိုင်းရင်းသားရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)