လှိုင်းဘွဲမြို့နယ်တွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ထူးနေ့မြတ်အခမ်းအနား ကျင်းပ

လှိုင်းဘွဲ ဇန်နဝါရီလ ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကွမ်ဘီကျေးရွာတွင် ကရင်သက္ကရာဇ် ၂၇၆ခုနှစ်၊ ပြာသိုလဆန်း (၁) ရက်နေ့တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့ထူးနေ့မြတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကရင်နှစ်သစ်ကူးနေ့ထူးနေ့မြတ်အခမ်းအနားကို လှိုင်းဘွဲမြို့ (က)ရပ်ကွက်၊ အောင်မြင်သာယာ ဘုန်းတော်ကြီးကျောင်းရှေ့၊ ဒိုင်းပြကျေးရွာ၊ ကွမ်ဘီကျေးရွာနှင့် မြိုင်ကြီးငူအထူးဒေသတို့တွင် ကရင်အမျိုးသားအားလုံးတို့၏ တန်ဖိုးထားရသော ကရင်အမျိုးသားနှစ်သစ်ကူးနေ့ထူးနေ့မြတ်ကို အမြဲသတိရစေရန်၊ ကရင်အမျိုးသားတို့၏ စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များကို နောင်လာနောက်သားများ တန်ဖိုးထားပြီး ထိန်းသိမ်းစောင့်ရှောက်ရန်၊ ကရင်လူငယ်များအနေဖြင့် မိမိရိုးရာဓလေ့များကို မပျောက်ပျက်အောင်၊ တိုးတက်ပြန့်ပွားအောင် ထိန်းသိမ်းစောင့်ရှောက်ရန်၊ အဓွန့်ရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိန်းစောင့်ရှောက်နိုင်စေရန်နှင့် နှစ်သစ်တွင် ရရှိလာသောသီးနှံများအား စုပေါင်း၍ကောက်သစ်စားခြင်းဖြင့် ခွဲခွာနေကြရသော မိသားစုဝင်များ၊ ဆွေမျိုးများအားလုံး စည်းစည်းလုံးလုံးဖြစ်စေရန်အတွက် နှစ်စဥ်နှစ်တိုင်း ပြာသိုလဆန်း (၁)ရက်နေ့တွင် ကရင်ရိုးရာဒုံးအကအလှများ၊ တေးသီချင်းများသီဆိုဖျော်ဖြေခြင်းဖြင့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ထူးနေ့မြတ်ကို ကျင်းပခဲ့ကြကြောင်း သိရှိရသည်။

စောဖိုးခွါး(ပြန်/ဆက်)