တောင်တွင်းကြီး ဇန်နဝါရီ ၁၁
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ် ကလေးဘဝမှစတင်၍ စာအုပ်စာပေနှင့်ရင်းနှီးစေရန်၊ စာကြည့်တိုက်များသို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများဖြစ်ပေါ်စေရန်၊ စဉ်းစားတွေးခေါ်မှုအားကောင်းစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့နေ့လယ် (၁:၃၀)အချိန်က စာရေးဆရာဗန်းမော်သိန်းဖေ ရေးသားသည့် “မျှဝေလိုသောအတွေးများ(၅)” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူးဒေါ်အေးမိုးမိုးမြင့်က ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကျောင်းသင်ခန်းစာများကို ကြိုးစား သင်ယူလေ့လာရန် လိုအပ်သလို ပြင်ပဗဟုသုတရရှိစေမည့် စာအုပ်စာပေများကိုလည်း လေ့လာဖတ်ရှု့မှတ်သားရန်နှင့် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြရမည့် အနာဂတ်လူငယ်များဖြစ်သည့်အတွက် အသိပညာ၊ အတက်ပညာများနှင့် ဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး စာဖတ်ဝိုင်းကိုကျင်းပရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက “ဘဝရဲ့ အကောင်းဆုံးအချိန်များ”၊ “အပြစ်တင်မယ့်အစားနှစ်သိမ့်မှုပေးပါ”၊ “ဘဝမှာအရေးကြီးဆုံးအရာတွေကိုအရင်လုပ်ပါ”၊ “စေတနာအကျိုးပေး”၊ “ဘာပဲလုပ်လုပ်မေတ္တာထားပါ” စသည့် အတွေးအမြင်စာစုများအား ဖတ်ကြားခဲ့ပြီး မိမိတို့ နားလည်သဘောပေါက်သည်များအား ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ စာရေးဆရာ တောင်တွင်းအောင်သက်ဦး၊ လောကတက္ကသိုလ်စာကြည့်တိုက်မှူးဦးနိုင်ဦး၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူးဒေါ်အေးမိုးမိုးမြင့်တို့က စာပေလေ့လာဖတ်ရှု့ခြင်းသည် ကျောင်းပညာရေးကိုလည်း အထောက်အကူဖြစ်စေပါကြောင်း၊ စာပေအုပ်စာပေများ လေ့လာဖတ်ရှု့ပြီးပါက စာအုပ်ပါအနှစ်ချုပ်အကြောင်းအရာများ၊ မှတ်သားထားသင့်သည်များအား မှတ်စုစာအုပ်ဖြင့် ရေးမှတ်ရန်လိုပါကြောင်း၊ စာဖတ်ခြင်းဖြင့် အခွင့်အလမ်းများကိုရရှိစေပြီး လုပ်ငန်းခွင်အောင်မြင်မှုကိုလည်း ရရှိစေနိုင်ကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းသို့ မြို့မအခြေခံပညာအလယ်တန်းကျောင်း Grade (7) နှင့် Grade (9) တို့မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၄)ဦး တက်ရောက်ခဲ့ပြီး ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား/ကျောင်းသူများအား ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ ဘဝနီတိ၊ ရှေးမြန်မာမင်းများလက်ထက်မှ ခေတ်အဆက်ဆက် မြန်မာ့ရေးရာ ဗဟုသုတဒိုင်ယာရီ(၂)၊ ငါ့ရာ့ငါးဆယ်ဇာတ်လမ်းများ စသည့်စာအုပ်များအား မဲဖောက်ပေးခဲ့ကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)