ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဆင်းပွဲကျင်းပပြုလုပ်

ရှမ်းရွာသစ်  အောက်တိုဘာ  ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင်ကျင်းပပြလုပ်မည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာအထူးရဲသင်တန်းဆင်းပွဲကို ယနေ့နံနက် (၈)နာရီအချိန် ခန့်က ရှမ်းရွာသစ်မြို့ သန္တိသုခဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် ရှမ်းရွာသစ်မြို့နယ်မြေရဲစခန်းမှ ရဲအုပ်မင်းအောင်ဇော်က အမှာစကား ပြောကြား ရာတွင် ရွေးကောက်ပွဲကာလအတွင်း တာဝန်ထမ်းဆောင်မည့် အထူးရဲများ သိသင့်သိထိုက်သည့် ဘာသာ ရပ်များ၊ လိုက်နာရမည့် ကျင့်ဝတ်များကို သင်ကြားပို့ချခဲ့ပြီးဖြစ်၍ ဥပဒေနှင့်ကျင့်ဝတ်များကို လိုက်နာ ဆောင်ရွက်ကြရန်၊ ပေးအပ်သောတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန်စသည်ဖြင့် အမှာစကား ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်း ကာလအတွင်းလူ့အခွင့်အရေး၊ ရွေးကောက်ပွဲဆိုင်ရာဉပဒေ၊ ရွေးကောက်ပွဲဆိုင်ရာသိမှတ်ဖွယ်ရာများ၊ သတင်းမီဒီယာဉပဒေများ၊ ကိုယ်လက်ကြံ့ခိုင်လေ့ကျင့်ခန်းများ၊ ပြည်သူလူထုပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ် စသော ဘာသာရပ်များ သင်ကြားပို့ချခဲ့ကြောင်းသိရသည်။

ရှမ်းရွာသစ်မြို့အတွင်း၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲရုံပေါင်း (၁၆) ရုံထားရှိမည် ဖြစ်ရာ ခန့်အပ်ထားသည့် အထူးရဲ (၁၆)ဦးအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများနှင့် ပူးပေါင်း၍ပြည်သူများ လုံခြုံစိတ်ချစွာမဲပေးနိုင်ရေးကို တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)