တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်မြို့တွင် ကျင်းပသည့် (၂၇၆၃)ခုနှစ် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ်ပွဲတော်သို့ တက်ရောက် ဖွင့်လှစ်ပေး

မြိတ်   ဇန်နဝါရီ   ၁၁

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး တရားလွတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေ(၅)နာရီခွဲက မြိတ်မြို့ မြို့မအားကစားကွင်းတွင် တိုင်းဒေသကြီး ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ကြီးမှူးကျင်းပသည့် (၂၇၆၃)ခုနှစ် ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်ပွဲတော်သို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

ရှေးဦးစွာ ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ်ပွဲတော် မုခ်ဦးအား ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းမှူး၊  တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး စောမာတင်လူသာ၊ ပြင်းငယ်ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဝိမလနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။

ထိုနောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကရင်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို တက်ရောက်၍ ကရင်တိုင်းရင်းသား/သူများ၊ ဖိတ်ကြားထားသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။ ဂုဏ်ပြုညစာစားပွဲတွင် ကရင်တိုင်းရင်းသား/သူလေးများက ကရင်ရိုးရာယဉ်ကျေးမှု ကရင်ဒုံးယိမ်းအကအလှများ၊ ကရင်ရိုးရာဝါးညှပ်အက၊ တိုင်းရင်းသားပေါင်းစုံအက၊ တနင်္သာရီရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြရာ ဝန်ကြီးချုပ်နှင့် အဖွဲ့၊ ကရင်တိုင်းရင်းသား/သူများနှင့် ဧည့်သည်တော်များက ကြည့်ရှုအားပေးခဲ့ ကြသည်။

ကရင်နှစ်သစ်ကူးပွဲတော်တွင် ကရင်တိုင်းရင်းသား/သူများ၏ ရိုးရာယဉ်ကျေးမှုအကအလှများ၊ တေးသံရှင်များက တေးသီချင်းဖျော်ဖြေမှုများ၊ မြန်မာ့ရိုးရာ အပျော်တမ်း လက်ဝှေ့ပြိုင်ပွဲ အထူးအစီအစဉ်များနှင့် ကရင်တိုင်းရင်းသားယဉ်ကျေးမှုပြခန်း စသည်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)