သာယာဝတီ ဇန်နဝါရီ ၁၁
ကရင်တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သော ကရင်သက္ကရာဇ်(၂၇၆၃)ခုနှစ် ပြာသိုလဆန်း (၁)ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက သာယာဝတီမြို့၊ အောက်မေ့ဖွယ်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ရှေးဦးစွာ ကရင်နှစ်သစ်ကူးနေ့ အလံတင်အခမ်းအနားကိုကျင်းပရာ တက်ရောက်လာကြသော ကရင်အမျိုးသားအပေါင်းနှင့် တိုင်းရင်းသားပြည်သူအပေါင်းတို့က ပြည်ျထာင်စုသမ္မတမြန်မာန်ုင်ငံတော်အလံနှင့်ကရင်အမျိုးသားအလံတို့အား အလေးပြုကြသည်။
ယင်းနောက် ကရင်သက္ကရာဇ် (၂၇၆၃)ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို ဆက်လက်ကျင်းပရာ သဘာပတိစောသောင်းကြီးက အဖွင့်အမှာစကားပြောကြားပြီး သာယာဝတီခရိုင်/မြို့နယ် ကရင်စာပေနှင့်ယဥ်ကျေးမှုကော်မတီနာယက အကျဥ်းဦးစီးကျောင်းတိုက်ဆရာတော် အရှင်ခေမာစာရက သြဝါဒမေတ္တာဆုတောင်းပေးပြီး သာယာဝတီမြို့ကရင်နှစ်ခြင်းအသင်းတော် သိက္ခာတော်ရဆရာတော်စောတတဲက မေတ္တာပို့ဆုတောင်းပေးခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး စောလင်းအောင်ထံမှပေးပို့သည့် သဝဏ်လွှာကို ကရင်စာပေနှင့်ယဥ်ကျေးမှုကော်မတီအတွင်းရေးမှူးစောမျိုးလွင်ဦးက ဖတ်ကြားပြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး(ငြိမ်း)၊ ပဲခူးတိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး(ငြိမ်း) ဦးစောဂျူဗလီစံက မိမိတို့ ကရင်လူမျိုးများ၏ နှစ်သစ်ကူးအခါသမယတွင် ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် ကမ္ဘာအနှံ့အပြားနေထိုင်ကြသော ကရင်တိုင်းရင်းသားညီအစ်ကိုမောင်နှမများ နှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲ၍ နှစ်သစ်တွင် စိတ်သစ်လူသစ်ဖြင့် မိမိတို့၏ လူမျိုး၊ ရိုးရာဓလေ့၊ စာပေယဉ်ကျေးမှုအမွေအနှစ်များကို အစဉ်ထိန်းသိမ်းနိုင်စေရန် ဝိုင်းဝန်းပူးပေါင်းစောင့်ရှောက်ကြစေလိုကြောင်း ပြောကြားပြီး၊ သာယာဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးဦးစန်းဝင်း သာယာဝတီခရိုင်အနေဖြင့်လည်း ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ရေရရှိရေး၊ လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားကဏ္ဍမြှင့်တင်ရေး အစရှိသည့်ကဏ္ဍများကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နှစ်သစ်ကိုပျော်ရွှင်စွာဆင်နွှဲ၍ သာယာဝတီခရိုင်နှစ်ပေါင်းများစွာတိုင် အဓွန့်ရှည်တည်တံ့ခိုင်မြဲပါစေကြောင်းနှင့် ငြိမ်းချမ်းသာယာပါစေကြောင်း၊ ဘေးဘယကင်းကွာ၍ ကျန်းမာချမ်းသာရှိကြပါစေကြောင်း နှစ်သစ်ကူးဆုမွန်ကောင်း စကားပြောကြားသည်။
ယင်းနောက် ကရင်အမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းကို ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ နော်ဒါတလုဖောနှင့်စောမင်းထက်တို့က မြန်မာဘာသာ၊ ကရင်ဘာသာ တို့ဖြင့်ဖတ်ကြားကြပြီး ခရိုင်/မြို့နယ် ကရင်စာပေနှင့်ယဥ်ကျေးမှုကော်မတီဥက္ကဋ္ဌစောသိန်းဝေက ကရင်စာပေနှင့်ယဥ်ကျေးမှုကိစ္စရပ်များနှင့် သိသင်သိထိုက်သည်များကို တင်ပြဆွေးနွေးသည်။
ဆက်လက်၍ ကရင်စာပေနှင့်ယဥ်ကျေးမှုကော်မတီထံသို့အလှူငွေများပေးအပ်ခဲ့ပြီး ၂၀၂၂ ၂၀၂၃ခုနှစ် ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့သော ကရင်တိုင်းရင်းသား ကျောင်းသား/ကျောင်းသူများ၊ အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် ကရင်စာပေသင်ကြားလျက်ရှိသော ဆရာ/ဆရာမများအား တာဝန်ရှိသူများက အသီးသီဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ပြီး ကရင်အမျိုးသားတေးသီချင်းဖြင့် သီဆိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)