မြဝတီမြို့၌ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အလံတင်အခမ်းအနားနှင့် ကရင့်ရိုးရာကောက်သစ်စားပွဲတော်ကို အနှစ်သာရပြည့်ဝစွာ ကျင်းပ

မြဝတီ ဇန်နဝါရီ ၁၁

ကရင်သက္ကရာဇ် ၂၇၆၃ ခု၊ ပြာသိုလဆန်း ၁ ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အလံတင်အခမ်းအနားနှင့်ကရင့်ရိုးရာကောက်သစ်စားပွဲတော်ကို ယနေ့နံနက် ၅နာရီခွဲက စတင်ကာ ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ကရင်အမျိုးသားထာဝရနှစ်သစ်ကူးကွင်း၌   အနှစ်သာရပြည့်ဝစွာ ကျင်းပသည်။

ဦးစွာ ကရင်လူမျိုးတို့၏ အထွတ်အမြတ်ထားသည့် ရိုးရာတူရိယာ မင်္ဂလာဖားစည်ကျွဲချိုများ တီးမှုတ်ပြီး ကရင်အမျိုးသားတေးသီချင်းသီဆိုကာ ကရင်အမျိုးသားအလံတော်အားလွှင့်တင်သည်။  ထိုနောက် ဒုတိယပိုင်းအခမ်းအနားကို ကျင်းပခဲ့ရာ ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းမှ သဘာပတိကြီးမန်းစောကြည်ဝင်းက အဖွင့်မိန့်ခွန်း ပြောကြားပေးပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးထံမှ ပေးပို့သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့သဝဏ်လွှာကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးနိုင်ဝင်းက ဖတ်ကြားပေးသည်။

ဆက်လက်၍ ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းနာယက ဗိုလ်မှူးကြီးစောမိုးသိုက နှစ်သစ်ကူးနှုတ်ခွန်းဆက်အမှာစကား ပြောကြားပေးပြီး ကရင်နှစ်သစ်ကူးနေ့ဖြစ်ပေါ်လာပုံစာတမ်းကို ပိုးကရင်ဘာသာ၊ စကောကရင်ဘာသာတို့ဖြင့် ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းအဖွဲ့မှ ဖတ်ကြားပေးသည်။ ယင်းနောက် ကရင်နှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေးအတွက် လှူဒါန်းပေးသော အလှူရှင်အသီးသီးတို့အား အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ်ဝင်းနောင်စိုး၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးနိုင်ဝင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်လွင်၊  ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)