ပုသိမ် ဇန်နဝါရီ ၁၁
ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး အသိပေးဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးတွင် လူဦးရေ(၆၄)သိန်းကျော် နေထိုင်လျက်ရှိကာ လူဦးရေအများဆုံး တိုင်းဒေသကြီးတွင် တစ်ခုပါအဝင်ဖြစ်ပြီး တိုင်းဒေသကြီးသည် မြစ်၊ ချောင်း၊ အင်းအိုင်များပေါများပြီး နေရာအချို့တွင် သွားရေးလာရေးခက်ခဲသည့် နေရာများလည်းရှိသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ အဆင်ပြေစေရေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တစ်ဖက်မှလည်း လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်၍ ကျေးလက်ကျန်းမာရေးဌာနများနှင့် ကျန်းမာရေးဝန်ထမ်းများကို ဖြည့်ဆည်းပေးကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များကိုလည်း ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များရရှိစေရေး သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ် ဆာင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့ပြင် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ပြီး ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုလုပ်ငန်းများ၊ မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ ကျောင်းကျန်းမာရေးလုပ်ငန်းများ၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သန့်ရှင်းသောသောက်သုံးရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများအပြင် ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်း၊တိုး ချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၊ မကူးစက်နိုင်သော ရောဂါများကာကွယ်ခြင်း၊ ရောဂါရှာဖွေခြင်း၊ ကုသခြင်းနှင့် ညွှန်းပို့ခြင်းလုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှုမြင့်မားစွာ ရရှိသည့်တိုင်းဒေသကြီး တစ်ခုဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ရေးသည်လည်း အင်မတန်အရေးကြီး၍ ကျန်းမာရေးဦးစီးဌာနမှ သင်တန်းများဖွင့်လှစ်၍ ကျန်းမာရေးဝန်ထမ်းများ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသော်လည်း လိုအပ်ချက်များရှိနေပါသေးကြောင်းနှင့် တိုင်းဒေသကြီး၏ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေးနိုင်ရေး ဆွေးနွေးအကြံပြုပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း” အမှာစကားပြောကြားသည်။
ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကျောင်းကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ စိတ်ကျန်းမာရေးနှင့် သွားနှင့်ခံတွင်းကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်း၊ ကလေးငယ်များအတွက် အသက်အရွယ်အပိုင်းခြားအလိုက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးလုပ်ငန်းများနှင့် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် သတိပြုလိုက်နာရမည့် အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)