ပွင့်ဖြူ ဇန်နဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နှင့် သမန်းရင်းကျေးရွာရှိ မုန်းချောင်းကို ဒေသခံပြည်သူများ အဆင်ပြေစွာ ကူးလူးဖြတ်သန်းသွားလာနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက ရပ်ကွက်နှင့် ကျေးရွာနေပြည်သူများ စုပေါင်းပြီး ယာယီဝါးတံတား ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါယာယီဝါးတံတားဆောက်လုပ်ရန်အတွက် ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ အမေထွား (ပဲဆီသန့်) မိသားစု၏ မတည်လှူဒါန်းမှုခြင်းဖြစ်ပြီး ရပ်ကွက်နှင့် ကျေးရွာနေပြည်သူများက စုပေါင်းဆောက်လုပ်ကြခြင်းဖြစ်သည်။
မုန်းချောင်းသည် ပွင့်ဖြူမြို့နယ်ကို ရစ်ခွေစီးဆင်းလျက်ရှိသည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကစီးပွားဖြစ် လုပ်ကိုင်လျက်ရှိသည့် ဒေသခံပြည်သူများ လိုအပ်သည့် စိုက်ပျိုးရေကို ရာသီမပြတ် ရရှိနေပြီး ပွင့်ဖြူမြို့နှင့် သမန်းရင်းကျေးရွာကြားရှိ မုန်းချောင်းသည် အကျယ် အရှည်ပေ ၁၀၀၀ ခန့်ရှိကာ နှစ်စဉ်ပွင့်လင်းရာသီကာလ ချောင်းရေကျသည့်အချိန်တွင် ဒေသခံပြည်သူများ မြို့ပြနှင့်ကျေးလက် လွယ်လင့်တကူ အဆင်ပြေစွာ ကူးလူးဖြတ်သန်း သွားလာနိုင်ရေးအတွက် နှစ်စဉ်ယာယီဝါးတံတား ဆောက်လုပ်ရကြောင်း၊ ထိုသို့ဆောက်လုပ်ရန်အတွက်လည်း အမေထွားပဲဆီသန့် မိသားစုက နှစ်စဉ်မတည်လှူဒါန်းလျက်ရှိကြောင်း၊ အဆိုပါ ယာယီဝါးတံတား တည်ဆောက်ပြီးစီးပါက ပွင့်ဖြူမြို့ပေါ်ရှိ ရပ်ကွက်နေပြည်သူများအပြင် ပွင့်ဖြူမြို့နယ်အတွင်းရှိ သမန်းရင်းကျေးရွာ၊ ညောင်ပင်စောက်ကျေးရွာ၊ မုန်းဇလဲကျေးရွာ၊ အင်းနက်ကျေးရွာနှင့် ကျောင်းကုန်းကြီးကျေးရွာတို့မှ ဒေသခံကျေးလက်နေပြည်သူများ မြို့ပြနှင့် ကျေးလက် အချိန်ကုန်လူပင်ပန်းသက်သာစွာဖြင့် အဆင်ပြေစွာ ကူးလူးဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း သက်တော်ရှည်ရပ်ကွက်မှ ဒေသခံပြည်သူ ဦးတင်မောင်ငွေက ပြောသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)