ပုသိမ် ဇန်နဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းက အစိုးရအဖွဲ့အဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ကျုံပျော်ခရိုင်နှင့် မြောင်းမြခရိုင်အတွင်းသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာအုပ်စုရှိ တောင်သူ ဒေါ်သိန်းသိန်း၏ လယ်မြေ (၅.၁၄)ဧကတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန(မြောင်းမြ)နှင့် United Ayeyarwaddy Development Public Company Limited တို့ ပူးပေါင်းဆောင်ရွက်သော ၂၀၂၃-၂၀၂၄ခုနှစ် မိုးစပါး ဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်း စံကွက်ရိတ်သိမ်းပွဲ တက်ရောက်ခဲ့ကာ ရိတ်သိမ်းခြွေလှေ့စက်ကြီးများဖြင့် ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်း စိုက်ပျိုးမှုအခြေအနေများ၊ သဘာဝမြေဩဇာသုံးစွဲမှုနှင့် မြေဆီမြေဩဇာအကျိုးပြုမှုအခြေအနေများနှင့် အထွက်နှုန်းတိုးတက်စေရေးဆောင်ရွက်နေမှုများအား ဆွေးနွေးမေးမြန်းခဲ့ပြီး စပါးရိတ်သိမ်းပြီးပါက ဒုတိယသီးနှံများ ထပ်မံစိုက်ပျိုးစေရေး၊ ရိုးပျက်ကျန်များမရှိစေရေး၊ သီးထပ်စွမ်းအားမြှင့်တင်စေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေး ဆောင်ရွက်ရန်မှာကြားခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာတွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါး ဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်းစပါးအား ဧက ၂၀၀ ကျော် စိုက်ပျိုးထားရှိကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်သူ ဦးကံဝင်း လယ်မြေ(၁၀)ဧကတွင် နွေစပါးစိုက်ပျိုးရန်အတွက် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေတင်ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ကာ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေတင်ခြင်းဖြင့် ကုန်ကျစရိတ်သက်သာမှုနှင့် စိုက်ပျိုးရေတင်ယူအသုံးပြုနိုင်အခြေအနေများ မေးမြန်းခဲ့ပြီး ဆိုလာစနစ်အား တောင်သူများ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုစေရေး မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ သဲကုန်ကျေးရွာအုပ်စု၊ ရန်ကုန်-ပုသိမ်ကားလမ်း(မိုင်တိုင် ၇၇/၄ မှ ၇၈/၅ အတွင်း) လက်ယာဘက်ခြမ်းမြောင်း တူးဖော်နေမှုများ ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ မြောင်းတူးဖော်မှုအခြေအနေများ၊ စိုက်ဧကများအတွက် အကျိုးပြုနိုင်မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများ အမြန်ဆုံးပြီးစီးရေး၊ မြေစာများ စနစ်တကျဆယ်ဖို့ထားရှိစေရေး ဆောင်ရွက်ရန်မှာကြားခဲ့သည်။
အဆိုပါ မြောင်းအား တူးဖော်ပြီးစီးပါက သဲကုန်၊ ကံကလေး၊ ရောင်ပစ်ကွင်း၊ ကျုံဖားရိုး၊ ပန်းတောရိုး၊ ဆိပ်ဖူးနီကျေးရွာအုပ်စုများရှိ မိုးစပါးစိုက်ဧကများ၊ နွေစပါးစိုက်ဧကများ ဧက ၃၀၀၀ ခန့်အတွက် အောင်ရေနှင့် စိုက်ပျိုးရေလုံလောက်စွာ ရရှိနိုင်မှာဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာ၊ တောင်သူ ဦးစိန်မောင်သန်း၏ လယ်မြေနှစ်ဧကတွင် ဆင်းရွှေကြာ(၂) နေကြာမျိုးစေ့ထုတ်စိုက်ခင်းနှင့် မြေပဲနှစ်ဧက ဖြစ်ထွန်းအောင်မြင်နေမှုနှင့် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေသုံးစွဲနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး မျိုးနေကြာများစနစ်တကျရွေးချယ်စေရေးနှင့် မြေဩဇာ အချိန်ကိုက် ကျွေးမွေးစေရေးနှင့် အောင်မြင်အောင် ဆောင်ရွက်စေရေး မှာကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)