စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တိုင်းဒေသကြီးအဆင့် ပညာရေးစုံညီပွဲတော်အခမ်အနား တက်ရောက်

မုံရွာ ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၄-၂၀၂၄ ပညာသင်နှစ်၊ တိုင်းဒေသကြီးအဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဘင်ခရာ/ပန်းပွားအဖွဲ့နှင့် Finess Dance အဖွဲ့များမှ တီးမှုတ်ကပြဖျော်ဖြေနေမှုများအား ကြည့်ရှုအားပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးနှင့် တိုင်းဒေသကြီးပညာရေးမှူး ဦးတင်လှိုင်တို့က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တိုင်းဒေသကြီးအဆင့် စုံညီပွဲတော်အခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းဝန်းအတွင်းရှိ သလ္လာဝတီခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တိုင်းဒေသကြီးအဆင့် စုံညီပွဲတော်အခမ်းအနား ဒုတိယပိုင်း အခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများမှ “ကြိုဆိုပါသည်စုံညီပွဲတော်” တေးသီချင်းသီဆို၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ အလယ်တန်းဆင့်(Grade-9) ပြီးမြောက်အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအားလုံး စက်မှု၊စိုက်ပျိုးရေး၊မွေးမြူရေးအတတ် ပညာများကို သင်ယူလေ့လာခွင့်ရရှိနိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအတတ်ပညာများ တွဲဖက်သင်ကြားပေးမည့် အခြေခံပညာအထက်တန်းကျောင်း (၅၁)ကျောင်းအား တစ်နိုင်ငံလုံးတွင်   ဖွင့်လှစ်ခဲ့ပြီးဖြစ်သည့်အတွက်  ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင်ယူခွင့်ရရှိအောင် ဆောင်ရွက်ပေးသွားကြရန်လိုအပ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံး (KG+Grade-9) ပြီးမြောက်သည်အထိ ကျောင်းနေရေး ဆောင်ရွက်သွားကြရန်နှင့် ကျောင်းသား၊ ကျောင်းသူများအား ကာယဗလ၊ ဉာဏဗလ၊ ဘောဂဗလ၊ စာရိတ္တဗလ၊ မိတဗလ္တစသည့် ဗလငါးတန်းနှင့်ပြည့်ဝသည့် လူငယ်မျိုးဆက်သစ်များအဖြစ် စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရန်အတွက် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှလည်း စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်သွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အတွက် အရည်အချင်းမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ထွန်းလာစေရေးအတွက် ဘက်စုံပညာထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများအား လေ့ကျင့်ပြုစုပျိုးထောင်ပေးရေးသည် ပညာရေးဝန်ကြီးဌာန၏ အဓိကလုပ်ငန်း အစီအစဉ်တစ်ရပ်ဖြစ်သည့်အတွက် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြသွားကြရန် လိုအပ်ပါကြောင်း၊ ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၏ ရှင်သန်ရေး၊ တိုးတက်ဖွံ့ဖြိုးရေးနှင့် ခေတ်မီစေရေးတို့အတွက် အခြေခံအုတ်မြစ်ဖြစ်ပြီး နိုင်ငံအလိုက် အခြေခံပညာရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေးများပြည့်ဝရေးနှင့် ပညာရှင်များအဖြစ် နိုင်ငံ၏အနာဂတ်တွင် နိုင်ငံသားကောင်း၊ သမီးကောင်းများဖြစ်ထွန်းရေးအတွက် အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၃-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိပ္ပံဘာသာတွဲ နိုင်ငံတော်အဆင့် ဆဋ္ဌမဆု၊ သတ္တမဆု၊ နဝမဆုရရှိကြသူများ၊ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ တိုင်းဒေသကြီးအဆင့် အင်္ဂလိပ်၊ သင်္ချာစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိကြသူများနှင့် ၂၀၂၃-ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဗဟိုအဆင့် ဆောင်းပါး၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုလက်မှတ်နှင့် ဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။ 

ဆက်လက်၍ ၂၀၂၃-ခုနှစ်၊ (၂၄)ကြိမ်မြောက်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့် စန္ဒယားဆုရရှိသူ မကြည်ဇေယျရှင်မှ စန္ဒယားအတီးဖြင့် ဧည့်ခံဖျော်ဖြေပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူများမှ “လက်ခတ်သံ ”တေးသီချင်းဖြင့် ကပြဖျော်ဖြေကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမှတ်(၂)အခြေခံပညာကျောင်းအတွင်း ဂုန်နီအိတ်စွပ်/အားလူးကောက်အပြေးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုများနှင့် သိပ္ပံလက်တွေ့ပြခန်း၊ လက်မှုပညာနှင့် အိမ်တွင်းမှုပြခန်း၊ သီပင်၊ စားပင်၊ အရိပ်ရအပင်နှင့် ပန်းအလှပင်များပြခန်းတို့အား လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)