ပေါင်းတည် ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက် ၁၀နာရီခွဲက ကုန်စည်စီးဆင်းမှု၊ ကူးသန်းရောင်းဝယ်မှုနှင့် ပြည်သူများခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးတို့အတွက် စက်သုံးဆီအရောင်းဆိုင်များ၏ စက်သုံးဆီရောင်းချပေးနေမှု အခြေအနေများကို မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီအဖွဲ့နှင့် ပူးပေါင်းအဖွဲ့တို့သည် ကွင်းဆင်းစစ်ဆေးကြည့်ရှုကြကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးမြင့်လှိုင်နှင့် ကော်မတီအဖွဲ့ဝင်များသည် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် ၅ဆိုင်အား ဝင်ရောက်ကြည့်ရှု့စစ်ဆေးကာ နိုင်ငံတော်မှ သတ်မှတ်ထားသော ရည်ညွှန်းစျေးနှုန်းနှင့်ညှိနှိုင်းကာ ညီညွတ်မျှတသည့် စျေးနှုန်းဖြင့် ရောင်းချကြရန်၊ စျေးနှုန်းမြှင့်တင်ရောင်းချမှုမပြုလုပ်ကြရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ထားရန်တို့ကို သတိပေးမှာကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် စက်သုံးဆီ မပြတ်လပ်စေရေးနှင့် နေ့စဉ် စက်သုံးဆီရောင်းချပေးနိုင်မှုပမာဏနှင့် စက်သုံးဆီဝင်ရောက်မှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
သူရကြီး(ပေါင်းတည်)