ကျိုက်လတ် ဇန်နဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူလေးများက “စုံညီပွဲတော် တို့နွှဲပျော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ အ.ထ.က(၂) ကျောင်းအုပ်ဆရာကြီးဦးခင်မောင်ဝမ်းက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းကော်မတီဝင်များ၊ မိဘဆရာအသင်းဝင်များ၊ ကျောင်းအုပ်ဆရာ/ ဆရာမကြီးများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ခရိုင်အဆင့်၊ မြို့နယ်အဆင့် စာပေထူးချွန်ဆုများနှင့် အားကစားထူးချွန်ဆုများရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများက တေးသရုပ်ဖော်အကများဖြင့် ကပြ၊ သီဆိုဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်