ကန့်ဘလူတွင် မြို့နယ်အဆင့် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ ကျင်းပ

ကန့်ဘလူ ဇန်နဝါရီ ၁၁

ကန့်ဘလူမြို့တွင် မြို့နယ်အဆင့် ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီလ ၆ ရက်နေ့မှ စတင်၍ကျင်းပလျက်ရှိရာ ဗိုလ်လုပွဲနှင့်ဆု ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက အမှတ်(၂)ရပ်ကွက်ရှိ ဆုကိုယ်ပိုင် အထက်တန်းကျောင်း ဖူဆယ်ဘောလုံးကွင်း၌ ပြုလုပ်ခဲ့သည်။

ဖူဆယ်ဘောလုံးဗိုလ်လုပွဲကို Final တက်ရောက်လာသည့် ဆုအသင်းနှင့် ခိုင်တော်ဝင်အသင်းတို့ ယှဥ်ပြိုင်ခြင်းဖြစ်ပြီး ခိုင်တော်ဝင်အသင်းက ခြောက်ဂိုး လေးဂိုးဖြင့် ဆုအသင်းကို အနိုင်ရဗိုလ်စွဲခဲ့သည်။ ၎င်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဒုတိယဆုရဆု အသင်းကို ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်အားကစားမှူး ဒေါ်ငွေဆွေတာရာက ပေးအပ်ခဲ့ပြီး ပထမဆုရ ခိုင်တော်ဝင်အသင်းကို အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်ဦးက တံခွန်စိုက်ဒိုင်းဆု၊ ဆုငွေနှင့်တစ်ဦးချင်းဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်သည်။

အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲကို မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ၊ ကျောင်းသားကျောင်းသူများ အားကစားကိုလေ့ကျင့်လိုက်စားလာစေရန်၊ ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဆုကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ ဦးဟန်လင်းအောင်က ဦးစီးဦးဆောင်ပြုကာ ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲ၌ ဖူဆယ်ဘောလုံးအသင်း ရှစ်သင်း ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)