မော်လမြိုင်ကျွန်း ဇန်နဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတကြွယ်ဝစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ “လူငယ်စကားဝိုင်း”ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မရမ်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်နုနုအေးက လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းအား ဆက်လက်ကျင်းပပြုလုပ်ရာ Grade-11မှ ကျောင်းသား မောင်ဝင်းထက်က လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့်လည်းကောင်၊ Grade-11 မှ ကျောင်းသား မောင်ဟန်ထက်ကျော်က လူငယ်နှင့်ယဥ်ကျေးမှု ခေါင်းစဉ်ဖြင့်လည်းကောင်း Grade-10 မှ ကျောင်းသား အောင်ကောင်းမြတ်က လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade- 11 မှ ကျောင်းသူ မအိအိချိုက လူငယ်နှင့်စာဖတ်စွမ်းအား ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-11 မှ ကျောင်းသူ မဇွန်ဖူးဝေက လူငယ်နှင့်အကောင်းမြင်စိတ် ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးကြရာ လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းသို့ မရမ်း(ကျေးရွာ)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၃၂၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)