မြင်းမူ ဇန်နဝါရီလ ၁၀
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင်ဒေသခံတောင်သူများ နောက်ကျစိုက်ပျိုးထားရှိသည့် ချည်မျှင်ရှည်ဝါများအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဈေးကောင်းရရှိနိုင်ကြောင်းသိရှိရသည်။ မြင်းမူမြို့နယ်အနေဖြင့် ယခုနှစ်တွင်ဝါလျာထားဧက(၂၁၉၃၉)ကိုအပြည့်အဝစိုက်ပျိုးနိုင်ခဲ့ပြီး နိုဝင်ဘာလပိုင်းမှစတင်ကာ ဝါများကောက်ယူရောင်းချခဲ့ကြကြောင်း၊ ဝါထွက်နှုန်းအနေဖြင့် ပျှမ်းမျှ(၁)ဧကလျှင် ပိသာ(၆၅၀)မှ(၇၀၀)ထိထွက်ရှိကြောင်းဝါစိုက်တောင်သူများထံမှသိရှိရသည်။
ဝါ(၁)ဧက ကုန်ကျစရိတ်အနေဖြင့် (၅)သိန်းခန့်ကုန်ကျပြီး လက်ရှိဈေးတွင်ဝါ(၁)ပိသာ လျှင် ငွေကျပ် (၃၃၀၀)ကျပ်ဈေးရှိနေပြီး နောက်ကျစိုက်ပျိုးထားရှိသည့်ဝါများမှာလည်း အောင်မြင်လျက်ရှိရာ ဝါစိုက်သူများအနေဖြင့် ယခုလက်ရှိဈေးထက်ပိုမိုရရှိနိုင်ကြောင်း ယခင်နှစ်ဝါ ဈေးမှာအမြင့်ဈေး(၂၇၀၀) သာရှိခဲ့ကြောင်း ဝါစိုက်တောင်သူများထံကသိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)