ပွင့်ဖြူ ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ရောင်းချရန်ရှိသည့် အရပ်ရပ်အခွင့်အရေးလိုင်စင်(၈၉)ခုအနက်မှ သားသတ်လုပ်ငန်းလိုင်စင်နှင့် အခြားအခွန်ကောက်လုပ်ငန်းလိုင်စင် စုစုပေါင်း ၇၂ ခုအား ပထမအကြိမ်အဖြစ် တင်ဒါ/ ဈေးပြိုင်စနစ်ဖြင့် ရောင်းချပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အရပ်ရပ်အခွင့်အရေးလိုင်စင်များကို တင်ဒါ/ဈေးပြိုင်စနစ်ဖြင့် ပထမအကြိမ် လေလံရောင်းချပေးရာတွင် ဦးစွာမြို့နယ်လေလံရောင်းချရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က တင်ဒါ/ဈေးပြိုင်စနစ်ဖြင့် ရောင်းချမည့် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များနှင့် စပ်လျဉ်းပြီး ဝယ်ယူလုပ်ကိုင်မည့်လုပ်ငန်းရှင်များ သိရှိလိုက်နာရမည့် စည်းကမ်းချက်များနှင့် အကျိုးခံစားခွင့်များအကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်လေလံရောင်းချရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများက ရောင်းချရန်ရှိသော အရပ်ရပ်အခွင့်အရေးလိုင်စင်(၈၉)ခုအနက်မှ သားသတ်လုပ်ငန်းလိုင်စင် ၆၄ ခုနှင့် အခြားအခွန်ကောက်လုပ်ငန်းလိုင်စင် ၈ ခု၊ စုစုပေါင်းအရပ်ရပ်အခွင့်အရေးလိုင်စင် ၇၂ ခု အား တင်ဒါ/ ဈေးပြိုင်စနစ်ဖြင့် ပွင့်လင်းမြင်သာစွာ လေလံဖွင့်လှစ်ရောင်းချပေးရာ တက်ရောက်လာသည့် လုပ်ငန်းရှင်များက သတ်မှတ်လေလံစည်းကမ်းချက်များနှင့်အညီ မိမိတို့ဆောင်ရွက်လုပ်ကိုင်လိုသည့် လုပ်ငန်းလိုင်စင်များကို ဝယ်ယူခဲ့ကြကြောင်း သိရသည်။ ဆက်လက်၍ ရောင်းချရန်ကျန်ရှိသည့် အရပ်ရပ်အခွင့်အရေးလိုင်စင်များကိုလည်း ဒုတိယအကြိမ် ဈေးပြိုင်စနစ်ဖြင့် ပွင့်လင်းမြင်သာစွာ ထပ်မံရောင်းချပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)