စေတုတ္တရာ အောက်တိုဘာ ၂၈
မကွေးတိုင်ဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ညနေ (၄)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မင်းနိုင်က အဖွင့် အမှာစကား ပြောကြားခဲ့ပြီးနောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သူစိန်က ပြည်သူများ လုံခြုံဘေးကင်းစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာလုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်မူယာက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာကြသော မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်း ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ မဲရုံများတွင် ဌာနဆိုင်ရာဝန်ထမ်း များအား ရပ်ကွက်/ကျေးရွာအလိုက် တာဝန်ချထားဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။
စေတုတ္တရာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံ(၆၉)ရုံဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကျား(၁၆၅၄၃)ဦး၊ မ(၁၈၁၁၄)ဦးရှိပြီး စုစုပေါင်းဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၃၄၆၅၇)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
စည်သူလွင်(ပြန်/ဆက်)