ဖြူးမြို့နယ်၊ ခင်ရှည်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းချေးငွေ ဒဿမအကြိမ်ချေးငွေထုတ်ချေးပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး

ဖြူး ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဒေသဖွံ့ဖြိုးရေးအတွက် စီမံကိန်းလုပ်ငန်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး မြစိမ်းရောင်စီမံကိန်းဆောင်ရွက်ပေးနေသည့် ကျေးရွာပေါင်း(၅၆)ရွာရှိရာ ချင်းခင်ကျေးရွာအုပ်စု၊ ခင်ရှည်ကျေးရွာရှိ မြစိမ်းရောင်စီမံကိန်းချေးငွေ ဒဿမအကြိမ်ချေးငွေထုတ်ချေးပေးနိုင်ရေး ကွင်းဆင်းတွေ့ဆုံစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းတွေ့ဆုံစစ်ဆေးရာတွင် ဖြူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးကျော်မျိုးအောင်က ကျေးရွာဒေသဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး မြစိမ်းရောင်စီမံကိန်းနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ကျေးရွာအနေဖြင့် ယခင်အကြိမ်ချေးငွေများနှင့်ပတ်သက်သည့် အားသာချက်အားနည်းချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ကျေးရွာမြစိမ်းရောင်ကော်မတီဝင်များ၊ အသင်းသားများနှင့် စီမံကိန်းရေရှည်တည်တံ့ရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ချင်းခင်ကျေးရွာအုပ်စု၊ ခင်ရှည်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း ဒဿမအကြိမ် ချေးငွေ(၅၄၀)သိန်း ထုတ်ချေးမှာဖြစ်ပြီး ချေးငွေအောင်မြင်သူအသင်းသား(၁၉၂)ဦးရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)