ဟားခါး ဇန်နဝါရီ ၁၀
ချင်းပြည်နယ်၏ ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးရေးဆွဲထားမှုအခြေအနေ ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကို ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ချင်းပြည်နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးရေးဆွဲ ရာတွင် နိုင်ငံတော်၏မူဝါဒ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၏ မူဝါဒ၊ ချင်းပြည်နယ်အစိုးရအဖွဲ့၏ မူဝါဒများနှင့် အညီ လက်ရှိဒေသ အခြေအနေများနှင့် အနီးစပ်ဆုံးကိုက်ညီအောင် ရေးဆွဲရခြင်းဖြစ်ကြောင်း၊ တက်ရောက်လာကြသည့်ပုဂ္ဂိုလ်များအနေဖြင့် ရေးဆွဲထားသည့် လျာထားချက်များကို လွတ်လပ်စွာ ဝေဖန်ထောက်ပြပေးစေလိုကြောင်း အမှာစကားပြောကြားသည်။
ယင်းနောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက ငွေလုံးငွေရင်းရန်ပုံငွေများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ် (၄၅/၂၀၂၀) အရ တောင်းခံတင်ပြ ထားခြင်းဖြစ်ကြောင်း၊ ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် လျာထားရာတွင် ပြီးခဲ့သည့် ဘဏ္ဍာရေး နှစ် အတွေ့အကြုံ အနည်းချက်၊ အားသာချက်များကို အခြေခံ၍ ရေးဆွဲရမည်ဖြစ်ကြောင်း တင်ပြ သည်။
ထို့နောက် ပြည်နယ်စီမံကန်းရေးဆွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းအောင်နှင့် ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇင်ဦးတို့က ချင်းပြည်နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာငွေအရအသုံးရေးဆွဲထားမှုအခြေအနေ၊ ဘတ်ဂျက်ရေးဆွဲခြင်းနှင့် စိစစ်ခြင်းအတွက် နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ ပြည်နယ်အစိုးရ၏ မူဝါဒ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ လမ်းညွှန်ချက်၊ ပြည်နယ်စီမံကိန်းနှင့် ဘက်ဂျက်စိစစ်ရေးကော်မတီ၏ စိစစ်ချက်၊ ဘဏ္ဍာရေးကျင့်စဉ်ကြီးများ၊ ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာငွေခွဲဝေလျာထားမှု အခြေအနေတို့ကို Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုးနှင့် ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်တို့ အကြံပြုဖြည့်စွက် ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)