ပခုက္ကူမြို့၌ ဆေးနှင့်ဆေးဝါးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်စွာရောင်းချနေမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေး

ပခုက္ကူ ဇန်နဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ် ရပ်ကွက်များအတွင်းရှိ ဆေးအရောင်းဆိုင်များ၌ ပြည်သူများ ဝယ်ယူသုံးစွဲလျက်ရှိသောနေ့စဉ်သုံး ဆေးနှင့်ဆေးဝါးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်စွာရောင်းချနေမှု ရှိ/မရှိ အခြေအနေတို့ကို ယနေ့နံနက် ၉ နာရီအချိန်က တာဝန်ရှိသူများ ရှောင်တခင်ကွင်းဆင်း စစ်ဆေးကြသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးမှုကို ပခုက္ကူခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ ပခုက္ကူမြို့ပေါ် ရပ်ကွက်များအတွင်းရှိ ဆေးနှင့်ဆေးဝါးပစ္စည်းရောင်းချလျက်ရှိသည့် ဆေးနှင့်ဆေးဝါးပစ္စည်း အရောင်းဆိုင်များ၌ နေ့စဉ်သုံးဆေးဝါးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးကစားရန်ရည်ရွယ်၍ ဆေးနှင့်ဆေးဝါးပစ္စည်းများကို ဝယ်ယူသိုလှောင်ထားခြင်း ရှိ/မရှိ၊ ဆေးဝါးပစ္စည်းများ အလွယ်တကူ ဝယ်ယူရရှိနိုင်ရေးနှင့် ဈေးနှုန်းမှန်ကန်စွာရောင်းချမှု ရှိ/မရှိ၊ ဘေးကင်းလုံခြုံသော ဆေးနှင့်ဆေးဝါးစ္စည်းများ ရောင်းချမှု ရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများရောင်းချမှု ရှိ/မရှိ အခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးကြပြီး ဆေးအရောင်းဆိုင် ရှင်များနှင့်ဝန်ထမ်းများ၊ ဆေးဝါးပစ္စည်းများ တိုက်ရိုက်ဝယ်ယူသုံးစွဲသူ ပြည်သူများအား အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)