မင်းဘူး ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် သီးနှံစိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားရေး ဆောင်ရွက်နေမှုလုပ်ငန်းများနှင့် မင်းဘူး(စကု)မြို့နယ် မန်းကျိုးကျေးရွာအုပ်စု၊ ထုံးမကြီးကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကျမှုအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး (R.C.C Porcupine)ရေကာတာတည်ဆောက်နေမှုလုပ်ငန်းအား ယနေ့နံနက် ၉ နာရီက မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့က သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ရှေးဦးစွာ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ မန်းကျိုးကျေးရွာအုပ်စုအတွင်း ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးအတွက် ဆောင်းသီးနှံနေကြာ၊ ကုလားပဲသီးညှပ်ရောနှော စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေးရာ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးလှမိုးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းတို့က ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် တောင်သူသီးနှံဝင်ငွေတိုးပွားရေး စိုက်ပျိုးစရိတ် ကုန်ကျမှုသက်သာသည့် ဆီထွက်သီးနှံနေကြာ စိုက်ပျိုးခြင်းဖြင့် တောင်သူသီးနှံဝင်ငွေ ပိုမိုရရှိနိုင်မှုအခြေအနေများ၊ သီးနှံအလိုက် တစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးရေးဆိုင်ရာ တောင်သူပညာပေး ဆောင်ရွက်နေမှုများနှင့် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးအတွက် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံအလိုက် လျာထားဧကပြည့်မီရေး ကြိုးပမ်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သီးနှံအလိုက် အထွက်နှုန်းများကောင်းမွန်ရေးနှင့် သတ်မှတ်လျာထားစိုက်ဧကများ ပြည့်မီအောင် စိုက်ပျိုးဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မင်းဘူး(စကု)မြို့နယ် မန်းကျိုး ကျေးရွာအုပ်စု၊ ထုံးမကြီးကျေးရွာတွင်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကျမှုအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကမ်းပြိုကာကွယ်ရေး (R.C.C Porcupine) ရေကာတာတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ယူဆောင်ရွက်သည့် တိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ခံအငယ်တန်းအင်ဂျင်နီယာ ဦးသန့်ညီအောင်က ကမ်းပြိုကာကွယ်ရေး (R.C.C Porcupine) ရေကာတာတည်ဆောက်ရေးလုပ်ငန်း ၉၆ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများနှင့် ပစ္စည်းစုဆောင်းထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းက ဒေသခံပြည်သူများ မြစ်ရေတိုက်စားမှုကြောင့် ကြုံတွေ့ရသည့် ကမ်းပြိုကျမှုအန္တရာယ် ကင်းဝေးစေရန်အတွက် ကမ်းပြိုကာကွယ်ရေးဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လုပ်ငန်းအရည်အသွေးပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။
အဆိုပါ မင်းဘူး(စကု)မြို့နယ် မန်းကျိုးကျေးရွာအုပ်စု၊ ထုံးမကြီးကျေးရွာတွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကျမှုအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် (R.C.C Porcupine) ရေကာတည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ခြင်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ တင်ဒါအောင်မြင်သည့် တန်ဖိုးငွေကျပ် ၉၈၈ ဒသမ ၅၆၈၅ သန်းအသုံးပြု၍ တိုင်းဒေသကြီးရေအရင်း အမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး ယနေ့တွင် လုပ်ငန်းအားလုံးပြီးစီးမှု ၉၆ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ ယင်းကမ်းပြိုကာကွယ်ရေးဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၄ ခုနှစ် ၊ ဖေဖော်ဝါရီလကုန်အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ထုံးမကြီးကျေးရွာ ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားရေး မြေအောက်ရေဖြင့် စားဖိုဆောင်သီးနှံ ငရုပ်စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုများကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အထောက်အကူပြုနိုင်ရန် ရာသီအလိုက် သီးနှံစိုက်ပျိုးရာ၌ လျာထားဧကပြည့်မီအောင် ကြိုးပမ်းစိုက်ပျိုးကြရန်၊ ထိုသို့စိုက်ပျိုးရာတွင် သီးနှံစိုက်ပျိုးစရိတ်ကုန်ကျမှုနည်းပြီး ဝင်ငွေပိုမိုရရှိစေသည့် ဆီထွက်သီးနှံနေကြာကို တွင်တွင်ကျယ်ကျယ် စိုက်ပျိုးကြစေလိုကြောင်းနှင့် အခြားသောသီးနှံများကိုလည်း စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များကို ရွေးချယ်၍ သီးသန့်စိုက်ပျိုးခြင်းအပြင် သီးညှပ်ရောနှောစိုက်ပျိုးရေးစနစ်ကို ပိုမိုစိုက်ပျိုးခြင်းဖြင့် သီးနှံဝင်ငွေတိုးပွားစေပြီး သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးကို ရရှိစေမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများအဖွဲ့သည် မင်းဘူး(စကု)မြို့နယ် ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်းခွင်သို့ရောက်ရှိပြီး ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စိုက်ပျိုးရေ ဖူလုံစွာ သီးနှံစိုက်ပျိုးလုပ်ကိုင်နိုင်ရေးအတွက် လျှပ်စစ်ရေတင်လုပ်ငန်းမှ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာဓာတ်အားပေးစနစ် တွဲဖက်တပ်ဆင်အသုံးပြုပြီး စိုက်ပျိုးရေ ဖြန့်ဝေဆောင်ရွက်ပေးနေမှုအား ကြည့်ရှုစစ်ဆေးရာ ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးနှင့် တာဝန်ရှိသူများက ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေဖြန့်ဝေပေးနေမှုနှင့် စိုက်ပျိုးရေလေလွင့်ဆုံးရှုံးမှုမရှိစေရေး စီမံဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ရှင်းလင်းတင်ပြမှုများအပေါ် ဒေသခံတောင်သူများ ရာသီအလိုက် သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေစေရန် စိုက်ပျိုးရေဖူလုံစွာ ဖြန့်ဝေဆောင်ရွက်ပေးရန်နှင့် လျှပ်စစ်ရေတင်လုပ်ငန်းအား ရေရှည်တည်တံ့ကောင်းမွန်စေရေး စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)