စေတုတ္တရာမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်ရေး လုပ်ငန်းလိုင်စင်များ (တင်ဒါစနစ်/ဈေးပြိုင်စနစ်) လေလံတင်ရောင်းချပွဲကျင်းပ

စေတုတ္တရာ ဇန်နဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၄-၂၀၂၅ ခုနှစ်ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်ရေး လုပ်ငန်းလိုင်စင်များ (တင်ဒါစနစ်/ဈေးပြိုင်စနစ်) သားသတ်လုပ်ငန်းလိုင်စင်များအတွက် လေလံတင်ရောင်းချပွဲကို အဆိုပါ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်က အရပ်ရပ်အခွင့်အရေး ဆိုင်ရာလုပ်ငန်းလိုင်စင် ဆောင်ရွက်မှုများနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြော​ကြား​​ခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသက်နိုင်က အရပ်ရပ်အခွင့်ရေးလိုင်စင် အထွေထွေစည်းကမ်းချက်များ၊ မြို့ပြ/ကျေးလက် အမဲ၊ ဝက်၊ ဆိတ်သားသတ်လိုင်စင် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားပြီးနောက်၊ လေလံရောင်းချမှုကြီးကြပ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးမှလည်း လေလံလုပ်ငန်းလိုင်စင်၊ သားသတ်လုပ်ငန်းလိုင်စင်များတွင် တင်ဒါဆောင်ရွက်သည်လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင် လျှောက်ထားသူများမှ အမဲ၊ ဝက်၊ ဆိတ် အဆိုပြုမဲပုံးများတွင် မဲများထည့်၍ အဆိုပြုကြပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် (၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် မတ်လ ၃၀ ရက်)အထိ ကာလများအတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များအား (တင်ဒါစနစ်/စျေးပြိုင်စနစ်) သားသတ်လုပ်ငန်းလိုင်စင်များအတွက် အနည်းဆုံးသန့်ရှင်း လတ်ဆတ်သော အသားတစ်ပိဿာစျေနှုန်းအား အဆိုပြုတင်ပြသည့် တင်ဒါစနစ်ဖြင့် ရောင်းချရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လေလံရောင်းချမှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ လေလံရောင်းချရေးအဖွဲ့ဝင်များ၊ လက်ရှိလိုင်စင်စီများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ တက်ရောက်ကြကြောင်း သတင်းရသည်။

ဆန်းကိုကို (ပြန်/ဆက်)