ကျွန်းလှ ဇန်နဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက် ၉ နှစ်မှ ၁၂ နှစ်အထိ ကျောင်းပြင်ပမိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးမထိုးနှံမီ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးပေးခြင်း၊ မိဘအုပ်ထိန်းသူ၏ သဘောတူခွင့်ပြုချက်ရယူခြင်း ဆောင်ရွက်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ စနစ်တကျ ထိုးနှံပေးကြသည်။
အဆိုပါ ကာကွယ်ဆေး(HPV)ထိုးနှံပေးနေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝင်းဇော်ဌေးနှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် အသက် ၉ နှစ်မှ ၁၂ နှစ်အထိ မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံခြင်းကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ၌ စတင်ထိုးနှံပေးခဲ့ရာ ယနေ့အထိ ကျောင်းအခြေပြုနှင့် ကျောင်းပြင်ပ ၈၆၅ ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း ကျန်ရှိသောမိန်းကလေးငယ်များအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)