ရေဦး ဇန်နဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရေဦးခရိုင် ရေဦးမြို့တွင် မြို့ပေါ်ငါးရပ်ကွက်နှင့် တည်ငြိမ်အေးချမ်းသော ကျေးရွာအချို့ရှိ အိမ်ထောင်စုများ စားရေးအတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ စားအုန်းဆီများကို ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းထားဖြင့် အလှည့်ကျရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ရွှေပြည်သာရပ်ကွက်ရုံးတွင် ဒေသခံအိမ်ထောင်စုများသို့ စားဆီများ ဆက်လက်ရောင်းချပေးခဲ့သည်။
ရပ်ကွက်နေပြည်သူများ ဈေးနှုန်းသက်သာ အလေးချိန်ပြည့်၀စွာဖြင့် စားအုန်းဆီ ၀ယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်း ဦးဆောင်သော ဌာနဆိုင်တာ၀န်ရှိသူများက အနီးကပ်ကြီးကြပ်ကာ ရောင်းချပေးခဲ့သည်။
ထိုသို့ စားဆီများရောင်းချပေးရာတွင် ရွှေပြည်သာရပ်ကွက် အိမ်ထောင်စုတစ်စုလျှင် စားဆီ ၅၀ ကျပ်သားနှုန်းဖြင့် အိမ်ထောင်စု ၅၀၀ စုအတွက် စားဆီ ၂၅၀ ပိဿာကို ရောင်းချပေးခဲ့ကြောင်း၊ ပဉ္စမအကြိမ်မြောက်အထိ စုစုပေါင်းဆီပိဿာချိန် ၁၂၅၀ ပိဿာထိ ရောင်းချပေးပြီးဖြစ်ကြောင်း သိရသည်။
သန်းသန်း (ရေဦး)