ကျောင်းကုန်း ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောင်းကုန်းမြို့နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ လူငယ်ရေးရာကော်မတီအဖွဲ့ဝင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်က လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌမှ ဘောလုံးတစ်လုံးနှင့် ခြင်းလုံးတစ်လုံးပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးဆန်းထွန်းက လက်ခံရယူခဲ့ပြီး၊ အမှတ်တရမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့သည်။
အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အရ လူငယ်နှင့်စည်းကမ်းကဏ္ဍအား Grade-10 မှ မောင်မင်းသွေးခန့်ကလည်းကောင်း၊ လူငယ်နှင့်ကျန်းမာရေးကဏ္ဍအား Grade-10 မှ မောင်ဇွဲနေဇော်ကလည်းကောင်း၊ လူငယ်နှင့်အားကစားကဏ္ဍအား Grade-11 မှ မသိင်္ဂီဖြိုးကလည်းကောင်း၊ လူငယ်နှင့်စာပေကဏ္ဍအားအား Grade-11 မှ မကေသရီသော်ကလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲအပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်သူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။
အခမ်းအနားအပြီး၌ ကျောင်းသား/ကျောင်းသူများ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်များ ဖတ်ရှုစေခဲ့ပြီး၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)