ဇီးကုန်းမြို့နယ် မြို့မဈေးမီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

ဇီးကုန်း ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် မြို့မဈေးမီးဘေးကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းနှင့် စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့ဈေးကြီး၌ ပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ဇီးကုန်းမြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းနိုင်ဦးက မြို့မဈေးမီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဈေးအတွင်းအပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများ၊ ရေလှောင်ကန်များတွင် ရေများအဆင့်အသင့်ရှိစေရေး၊ အသေးစားမီးသတ်စက်များအဆင်သင့် စီမံဆောင်ရွက်ထားရှိစေရေး၊ လျှပ်စစ်မီးသွယ်တန်းထားရှိမှုများ စနစ်တကျရှိစေရေးနှင့် ဈေးသူဈေးသားများမှ မီးဘေးကြိုတင်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရန်အချက်များကို အသိပညာပေးပြောကြားခဲ့ပြီး၊ မီးသတ်ဆေးဘူးအသုံးပြုပုံအား ရှင်းလင်းပြသ၍ ရေစိုဝတ်ဖြင့် မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းနှင့် ရေဖြင့်မီးငြှိမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြလေ့ကျင့်ခဲ့ကြသည်။ ထို့နောက် မီးသတ်ရေငုတ်များစီစဉ်ဆောင်ရွက်မှုနှင့် အရေးပေါ်အခြေအနေတွင်မီးသတ်ကားများ ဝင်ထွက်သွားလာနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြလေ့ကျင့်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီလတ်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဉက္ကဋ္ဌ ဦးကံမြင့်နှင့် မြို့နယ်စည်ပင်သာယာဝန်ထမ်းများ၊ ဈေးတာဝန်ခံ ဦးခင်မောင်ထွန်းနှင့် ဝန်ထမ်းများ၊ ဈေးအကျိုးတော်ဆောင်ကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်၍ လက်တွေ့ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တင့်ဆွေ (ပြန်ဆက်)